ပြီးခဲ့တဲ့ နွေရာသီ ဘောလုံးသမားအပြောင်းအရွှေ့စျေးကွက်ဖွင့်ချိန်ကတည်းက ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကစားဖို့ အတော်လေး ရေပန်းစားခဲ့တဲ့ လိုင်ယွန်အသင်းရဲ့ တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းဟာ လက်ရှိမှာလည်း ဘာစီလိုနာနဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေ ဆက်တိုက်ထွက်ပေါ်နေသလို လိုင်ယွန်ဘက်ကလည်း ဒီပိုင်းကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ ပြောဆိုထားခဲ့ပါတယ်။ ဒီလို အနာဂတ်အခြေအနေနဲ့ပတ်သက်ပြီး ကောလဟာလသတင်းတွေ အရမ်းထွက်ပေါ်နေတဲ့ ဒီပိုင်းကတော့ ဒီရက်ပိုင်းမှာပဲ ဘောလုံးသမားတိုင်းလိုလိုက ဘာစီလိုနာအသင်းမှာ ကစားချင်ကြတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၆)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းဟာ ဘာစီလိုနာအသင်းရဲ့ နံပါတ်တစ်ပစ်မှတ်ဖြစ်နေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းကလည်း ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ တိုက်စစ်မှူးဆွာရက်ဇ်ရဲ့နေရာအတွက် ဒီပိုင်းကို အစားထိုးချင်နေပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာအသင်းက ဒီပိုင်းကို အရခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အသင်းရဲ့ ဘဏ္ဍာရေးပိုင်းကြောင့် ခေါ်ယူဖို့ လက်လျှော့လိုက်ခဲ့ရကာ လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်ရောက်မှသာ ထပ်မံကမ်းလှမ်းဖွယ် ရှိနေတာဖြစ်ပါတယ်။

Photo Credit : Planet Football

အခုလို သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကောလဟာလတွေ မကြာခဏ ထွက်ပေါ်နေရတဲ့အပေါ် ဒီပိုင်းက “ကျွန်တော် ဘာစီလိုနာအသင်းအကြောင်း မသိပါဘူး။ အပြောင်းအရွှေ့စျေးကွက်ကလည်း အခုထိ မဖွင့်လှစ်သေးပါဘူး။ ကျွန်တော်ရဲ့ စိတ်အာရုံတွေကို အပြောင်းအရွှေ့ဘက်မှာ ထားမရှိထားဘူး။ လိုင်ယွန်နဲ့ နယ်သာလန်အတွက်ကိုပဲ အကောင်းဆုံးတွေ လုပ်ဆောင်ပေးနိုင်ဖို့ကိုပဲ အာရုံစိုက်ထားတယ်။ နောက်ပြီး အကောင်းဆုံးကစားသမားတစ်ယောက် ဖြစ်လာနိုင်ဖုုိ့အတွက် ကြိုးစားကစားနေတာပါ။ ထင်မြင်ယူဆချက်တွေကတော့ အပြင်မှာ အမြောက်အများထွက်နေတာတော့ ကျွန်တော်လည်းမသိပါဘူး။ ဒါပေမယ့် ဘာစီလိုနာလိုအသင်းမျိုးမှာ ဘယ်သူက မကစားချင်ပဲနေမလဲ။ သူတို့က ကမ္ဘာပေါ်က အကောင်းဆုံး ဘောလုံးအသင်းတစ်သင်းပဲလေ။ ကစားသမားတိုင်းလိုုလိုကတော့ အဲ့ဒီမှာ ပါဝင်ကစားချင်ကြမှာပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ လက်ရှိမှာ ဒါတွေကို မစဉ်းစားသေးဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒီပိုင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ လိုင်ယွန်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိအချိန်ထိတော့ ဒီပိုင်းဘက် လိုင်ယွန်နဲ့ သက်တမ်းတိုးဖို့အတွက် စိတ်ဝင်စားမှုမရှိသေးပဲ အသင်းနဲ့ လမ်းခွဲဖို့ကိုပဲ ဆန္ဒရှိလို့နေပါတယ်။