ရီးရဲလ်မက်ဒရစ်အသင်းနဲ့ မာယော့ကာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်အတွင်း ဒုတိယပိုင်း ပွဲကစားချိန်(၈၄)မိနစ်မှာ လူစားဝင်ကစားလာခဲ့တဲ့ မာယော့ကာ ကစားသမားလေး လူကာရိုမဲလ်ရိုးဟာ ဒီပွဲစဉ်အတွင်းမှာ အသင်းအတွက် ဘာမှမလုပ်ဆောင်နိုင်ခဲ့ပေမယ့် သူရဲ့အသက်က (၁၅)နှစ်သာ ရှိသေးတာဖြစ်လို့ စပိန်လာလီဂါပြိုင်ပွဲ သမိုင်းတလျှောက် အသက်အငယ်ဆုံး ဘောလုံးသမားအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့တဲ့အပြင် “မက္ကဆီကန်မက်ဆီ” ဆိုတဲ့ သူရဲ့နာမည်ပြောင်ကြောင့်လည်း သူ့ကို လူအများက စိတ်ဝင်တစားရှိလာခဲ့ကြပါတယ်။

Photo Credit : Scroll

အသက်(၁၅)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် ကွင်းလယ်တိုက်စစ်ကစားသမားလေး လူကာရိုမဲလ်ရိုးဟာ သူရဲ့ကစားဟန်ပန်တွေကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမား လီယွန်နယ်မက်ဆီနဲ့ ခိုင်းနှိုင်းခံနေရပြီး “မက္ကဆီကန်မက်ဆီ” ဆိုတဲ့ နာမည်ပြောင်တွင်လာခဲ့ရတာဖြစ်ပါတယ်။ ရိုမဲလ်ရိုးဟာ ၂၀၁၁ခုနှစ်တုန်းက ဘာစီလိုနာအသင်းဆီမှာ ခြေစွမ်းပိုင်း စစ်ဆေးခံခဲ့ရပြီး အသက်ဆယ်နှစ်မပြည့်သေးတာကြောင့်မို့ ဘာစီဘက်ကနေ သူ့ကိုခေါ်ယူခဲ့ခြင်းမရှိပဲ ၂၀၁၅ခုနှစ်အရောက်မှသာ မာယော့ကာလူငယ်အသင်းနဲ့ ပူးပေါင်းဖြစ်ခဲ့ပြီး အခုဆို မာယော့ကာစီနီယာအသင်းနဲ့တောင် ပွဲထွက်ကစားနေရပြီဖြစ်ပါတယ်။

Photo Credit : Sport

လူကာရိုမဲလ်ရိုးဟာ မာယော့ကာလူငယ်အသင်းမှာ ပါဝင်ကစားနေစဉ် (၄)နှစ်တာ ကာလအတွင်း ပွဲပေါင်းတစ်ရာကျော် ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုးပေါင်း(၂၃၀)အထိကို သွင်းယူထားနိုင်ခဲ့လို့ သူ့ကို မာယော့ကာအသင်းနည်းပြ မော်ရီနိုကနေ ဇွန်လ(၅)ရက်နေ့မှာပဲ အသင်းကြီးဆီကနေ ခေါ်ဆောင်ခံခဲ့ရကာ ဗီလာရီးရဲလ်နဲ့ပွဲမှာ အသင်းရဲ့လူစာရင်းအတွင်း ပါဝင်လာခဲ့ကာ ကစားခွင့်တော့ မရခဲ့ပါဘူး။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ပွဲစဉ်မှာတော့ လူစားဝင်ကစားခွင့်ရခဲ့ပြီး သူရဲ့စီနီယာကစားသမားဘဝကို ပထမဆုံး စတင်ခဲ့ရပါတယ်။ ဘယ်ခြေအားသန်တဲ့ ကစားသမားလေးဟာ သူအရမ်းအားကျရတဲ့ မက်ဆီနဲ့ ကစားပုံခြင်းဆင်တူနေတဲ့အပြင် တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ သူပွဲထွက်ကစားခဲ့ရတဲ့ နေ့ရက်ဟာလည်း မက်ဆီရဲ့ အသက်(၃၃)နှစ်ပြည့်မွေးနေ့ ဖြစ်နေရပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကတော့ ရိုမဲလ်ရိုးဟာ အာဂျင်တီးနား မက္ကဆီကိုနဲ့ စပိန်နိုင်ငံတို့ရဲ့ ပက်စပို့တ်တွေကို ကိုင်ဆောင်ထားတာဖြစ်လို့ သူ့အတွက် အဆင်ပြေမယ့် လက်ရွေးစင်အသင်းကို ရွေးချယ်နိုင်ပြီး လက်ရှိမှာ အာဂျင်တီးနား ယူ-၁၇အသင်းအတွက် ပါဝင်ကစားလျက်ရှိနေပါတယ်။