မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဝက်ဖိုဒ့်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ မာနေးရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို အသင်းအတွက် စတုတ္ထမြောက်အနိုင်ဂိုးကိုပါ ကိုယ်တိုင်သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာဟာ လက်ရှိအချိန်မှာ အကောင်းဆုံးသော ဘောလုံးသမားတစ်ယောက် ဖြစ်လို့နေတယ်လို့ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

အသက်(၂၉)နှစ်အရွှယ်ရှိ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလာဟာ ဝက်ဖိုဒ့်အသင်းကို (၅)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်းမှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဒီနှစ်ရာသီအတွင်း လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံမှာ (၁၀)ဂိုးအထိ သွင်းယူထားသလို နောက်ဆုံးကစားခဲ့တဲ့ (၈)ပွဲဆက်တိုက်ကိုလည်း သွင်းဂိုးတွေ ဆက်တိုက်ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြသနေလျက် ရှိနေတဲ့ ဆာလာရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး နည်းပြကလော့ပ်က “သူရဲ့ ဒီကနေ့ ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်က တကယ့်ကို ခမ်းနားကြီးကျယ်ခဲ့တယ်။ ပထမဆုံးသွင်းဂိုးအတွက် ပေးပို့ခဲ့တာရော သူရဲ့သွင်းဂိုးကရော အထူးကောင်းမွန်ခဲ့တယ်”

Photo Credit : Twitter

“အခုဆိုရင် သူက ထိပ်ဆုံးနေရာမှာပဲ။ ကျွန်တော်တို့အားလုံးလည်း မြင်နိုင်တယ်။ သူ့ထက် ဘယ်သူက ပိုပြီးကောင်းနေသလဲ။ ကမ္ဘာ့ဘောလုံးလောကနဲ့ သူတိုတွေရဲ့ လွှမ်းမိုးမှုအတွက် မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ ဘာတွေလုပ်ခဲ့လဲဆိုတာ ကျွန်တော်တို့တွေ ပြောစရာမလိုပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဆာလာက အကောင်းဆုံး ကစားသမားပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ကလော့ပ်က “အရမ်းကောင်းပါတယ်။ နိုင်ငံတကာပွဲစဉ်တွေအတွင်း မတူကွဲပြားတဲ့ စနစ်တွေနဲ့ ကစားခဲ့ရပြီးချိန်မှာ စည်းချက်ညီညီနဲ့ ပြန်ကစားနိုင်ဖို့ဆိုတာက ခဲယဉ်းပါတယ်။ ဒါကို အသင်းသားတွေက လေ့ကျင့်ရေး အစီအစဉ် အနည်းငယ်လေးအတွင်းနဲ့ပဲ ပုံဖော်နိုင်ခဲ့တယ်။ ဝက်ဖိုဒ့်မှာလည်း ကျွန်တော်တို့ကို ဟန့်တားဖို့ အကြံအစည်တွေ ရှိနေမယ်လို့ ထင်ခဲ့မိပေမယ့် သူတို့ကို ကစားခွင့် မပေးခဲ့ဘူး။ သွင်းဂိုးတွေကတော့ တကယ့်ကို အံ့မခန်းပါပဲ” လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။