လိဂ်ဖလား ဗိုလ်လုပွဲမတိုင်ခင် ရက်ပိုင်းလေးအတွင်းမှာပဲ နည်းပြဟိုဆေးမော်ရင်ဟိုကို အသင်းကနေ ထုတ်ပယ်ခဲ့တဲ့ စပါးအသင်းရဲ့ ဆုံးဖြတ်ချက်ကို အတော်လေး အံ့အားသင့်စေခဲ့ရပါတယ်။ ဘောလုံးရာသီတစ်ခု အဆုံးသတ်ခါနီး အချိန်အခါမျိုး ဖြစ်နေတဲ့အပြင် အသင်းအတွက် လိုအပ်နေတဲ့ ဆုဖလားတစ်ခုအတွက် တိုက်ပွဲဝင်ရမယ့် ကာလမျိုးမှာ အသင်းအတွက် အရေးပါတဲ့ လူတစ်ဦးဖြစ်တဲ့ အသင်းနည်းပြတစ်ယောက်ကို အသင်းကနေ ထုတ်ပယ်လိုက်တဲ့ စပါးအသင်း ဥက္ကဌဒန်နီရယ်လီဗီးရဲ့ လုပ်ရက်ကို အသင်းပရိသတ်တွေကိုယ်တိုင် နားမလည်အောင် ဖြစ်ခဲ့ရပါတယ်။

Photo Credit : Football Italia

မော်ရင်ဟိုနဲ့ လမ်းခွဲပြီးနောက်မှာ စပါးအသင်းဟာ အသင်းရဲ့ကစားသမားဟောင်းလည်းဖြစ် လူငယ်အသင်းရဲ့ နည်းပြဖြစ်တဲ့ ရိုင်ယန်မေဆင်ကို ရာသီကုန်အထိ တာဝန်ပေးခဲ့ပြီး အခု ဘောလုံးရာသီလည်း အဆုံးသတ်သွားပြီမို့ စပါးအသင်းအနေနဲ့ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် နည်းပြတစ်ယောက်ကို အပူတပြင်း ရှာဖွေပါတော့တယ်။ စပါးအသင်းဟာ နည်းပြပေါင်းများစွာနဲ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်ခဲ့သလို နည်းပြတွေကိုလည်း ချိတ်ဆက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိကို နည်းပြသစ်ရှာပုံတော်က အပြီးမသတ်နိုင်သေးပဲ ကြန့်ကြာလို့နေရပါတယ်။

Photo Credit : Chiesa Di Totti

စပါးအသင်းဟာ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် ဝုလ်ဗ်နည်းပြဟောင်း နူနိုဆန်တို အင်တာမီလန်နည်းပြဟောင်း အန်တိုနီယိုကွန်တီ ရိုးမားနည်းပြဟောင်း ပေါ်လိုဖွန်ဆီကာတို့အပြင် စပါးမှာ ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြဟောင်း မာရီစီယိုပိုချက်တီနိုတို့ကိုပါ ချိတ်ဆက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးနဲ့ အဆင်မပြေခဲ့ပဲ တစ်ယောက်မှကို မခန့်အပ်နိုင်ခဲ့ပဲ ရှိနေပါတယ်။ စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ အီတလီလူမျိုး ကွန်တီကို ခန့်အပ်ဖို့အတွက် လုပ်ဆောင်ခဲ့ပြီး ခန့်အပ်ဖို့လည်း နီးစပ်ခဲ့ပေမယ့်လည်း အသင်းရဲ့ အနာဂတ်စီမံကိန်းတွေကို ဆွေးနွေးရာမှာ ကွန်တီိ အလိုရှိနေတဲ့ အချက်တွေကို စပါးဥက္ကဌလီဗီးဘက်ကနေ မလုပ်ဆောင်ပေးနိုင်လို့ ကွန်တီနဲ့ကိစ္စ ရပ်တန့်ခဲ့ရသလို ဖွန်ဆီကာနဲ့လည်း သဘောတူညီမှုအထိပါ ရယူနိုင်ခဲ့ပေမယ့် အခွန်ကိစ္စအပိုင်းမှာ အဆင်မပြေနိုင်တာကြောင့် ဖွန်ဆီကာနဲ့လည်း အဆုံးသတ်ခဲ့ရပါတယ်။ ဖွန်ဆီကာနဲ့ တခန်းရပ်သွားချိန်မှာလည်း နည်းပြဂတ်တူဆိုနဲ့ ချက်ချင်းအသံထွက်လာခဲ့ပေမယ့် ဖာဘရီဇီယိုရဲ့ အဆိုအရတော့ စပါးဟာ ဂတ်တူဆိုကိုလည်း အလိုမရှိတာကြောင့် သူတို့အသင်းရဲ့ နည်းပြသစ် ရှာပုံတော်က ဆက်လက်ပြီး ခရီးဆက်နေရဦးမှာဖြစ်သလို ဘယ်နည်းပြနဲ့မှ အဆင်ပြေနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။