စပါးအသင်းကတော့ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်သူ ဟာရီကိန်းကို အခုနှစ်ရဲ့ နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ လက်လွတ်သွားရမယ့် အခြေအနေတွေ ရှိလာခဲ့တဲ့အတွက် အားနည်းသွားနိုင်တဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပြန်လည်အားဖြည့်တင်းနိုင်ဖို့ အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်ကို စတင်ပစ်မှတ်ထားလာခဲ့တယ်လို့ ဗြိတိန်အခြေစိုက် The Athletic သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sempreinter

အင်တာမီလန်အသင်းဆီကို ၂၀၁၈ခုနှစ်ကတည်းက အာဂျင်တီးနားကနေ ရောက်ရှိလာခဲ့တဲ့ အသက်(၂၃)နှစ်အရွှယ်ရှိ မာတီနက်ဇ်ဟာ ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူနဲ့တွဲဖက်ပြီး အသင်းရဲ့တိုက်စစ်မှာ ခြေစွမ်းပြနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီမှာလည်း အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အင်တာမီလန်အသင်းနဲ့ (၃)ရာသီအထိ ဖြတ်သန်းခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၇၆)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား မာတီနက်ဇ်ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ စိတ်ဝင်စားလျက်ရှိနေပြီး လတ်တလောမှာတော့ ဒီကစားသမားကို လန်ဒန်အခြေစိုက် အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့ကနေ စောင့်ကြည့်လျက် ရှိနေပါတယ်။

Photo Credit : Sempreinter

အီတလီအခြေစိုက် Sempreinter ရဲ့ ဖော်ပြချက်တွေအရ အင်တာမီလန်အသင်းဟာ သူတို့ရဲ့ ကစားသမားလေး မာတီနက်ဇ်ကို သက်တမ်းတိုးသွားဖို့ လုပ်ဆောင်လျက်ရှိနေပေမယ့် နွေစျေးကွက်အတွင်းမှာသာ ကစားသမားအတွက် ယူရိုသန်း(၇၀)လောက်နဲ့သာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ရောင်းချသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းက မာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ ညာနောက်ခံလူ ဘယ်လာရင်ကို အလိုက်ပေးပြီး ကမ်းလှမ်းချင်နေသလို ဟာရီကိန်းကို ဆုံးရှုံးရတော့မယ့် စပါးအသင်းကလည်း မာတီနက်ဇ်ကို အလိုရှိလာခဲ့ပါတယ်။ ဒါပေမယ့် စပါးနဲ့ အာဆင်နယ်အသင်းတို့အပြင် မာတီနက်ဇ်ကို အသက်လက်တီကိုကပါ စိတ်ဝင်စားလျက်ရှိနေပြီး အသက်လက်တီကိုက စပါး အာဆင်နယ်အသင်းတွေထက် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့အပြင် အသင်းမှာကလည်း မာတီနက်ဇ်နဲ့ နိုင်ငံတူ အာဂျင်တီးနားလူမျိုး နည်းပြဆီမြွန်နီ ကိုင်တွယ်နေတာဖြစ်လို့ မာတီနက်ဇ်အနေနဲ့ စပါး အာဆင်နယ်တို့ထက် လာလီဂါရဲ့ လက်ရှိချန်ပီယံကလပ် အသက်လက်တီကိုအသင်းဆီကိုပဲ ဦးစားပေး ပြောင်းရွှေ့ဖွယ် ရှိနိုင်ပါတယ်။