ဒီရာသီမှ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ရောက်လာတယ်။ ရောက်ရောက်ချင်းနှစ်မှာပဲ ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးဆိုတဲ့ စံချိန်သစ်ကို စိုက်ထူနိုင်ခဲ့တဲ့ မန်စီးတီး တိုက်စစ်ကစားသမား အာလင်းဟာလန်းအနေနဲ့ အခု ရာသီမကုန်ဆုံးခင်မှာ နောက်ထပ် ဘယ်စံချိန်တွေကို ထပ်မံ ရယူသွားနိုင်ဦးမလားဆိုတာ လေ့လာကြည့်ရအောင်ဗျာ။

Photo Credit : Football365

လွန်ခဲ့တဲ့ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီတုန်းက ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ချန်ပီယံလိဂ်မှာ (၁၇)ဂိုး သွင်းယူပြီး တစ်ရာသီအတွင်း ချန်ပီယံလိဂ်ရဲ့ ဂိုးအများဆုံး သွင်းယူနိုင်သူအဖြစ် စံချိန်တင်ခဲ့ရပါတယ်။ လက်ရှိမှာ ဟာလန်းက (၁၂)ဂိုး သွင်းထားတယ်။ ကစားရမယ့် ပွဲက စီးတီးသာ ဖိုင်နယ်အထိ ရောက်သွားမယ်ဆိုရင် (၃)ပွဲ ကစားရပါမယ်။ အဲ့ဒီ (၃)ပွဲအတွင်းမှာ ဟာလန်းက အနိမ့်ဆုံး (၅)ဂိုး သွင်းမယ်ဆိုရင်တော့ ရော်နယ်လ်ဒိုရဲ့ စံချိန်နဲ့ ညီသွားမယ်။ (၆)ဂိုး သွင်းရင်တော့ စံချိန်သစ် ပိုင်ဆိုင်နိုင်ပါမယ်။

Photo Credit : The Athletic

ဒီစံချိန်ကို လိုက်မီဖို့ ရိုက်ချိုးနိုင်ဖို့ဆိုတာက သိပ်မလွယ်ပေမယ့်လည်း နောက်ထပ် စံချိန်တစ်ခုကတော့ ဖြစ်နိုင်ခြေ ရှိတယ်လို့ပဲ ဆိုရပါမယ်။ ပရီးမီးယားလိဂ်မှာ ဟက်ထရစ် (၆)ကြိမ် ရရှိဖို့ပါပဲ။ လက်ရှိမှာ ဟာလန်းက ပဲလေ့စ် နော်တင်ဟမ် မန်ယူနိုက်တက် ဝုလ်ဗ်တို့နဲ့ ရင်ဆိုင်ရတဲ့ ပွဲတွေမှာ ဟက်ထရစ် (၄)ကြိမ် ရရှိထားပြီး နောက်ထပ် ဟက်ထရစ် တစ်ကြိမ်သာ ရခဲ့မယ်ဆိုရင် အလန်ရှီးယားရဲ့ ၁၉၉၅-၁၉၉၆တုန်းက စံချိန်နဲ့ ညီမျှသွားမှာပဲ ဖြစ်ပါတယ်။ စီးတီးရဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေမှာ အဲဗာတန် ချယ်လ်ဆီး ဘရိုက်တန် ဘရန့်ဖို့ဒ်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဘယ်ပွဲတွေမှာ ဟာလန်း ဟက်ထရစ် သွင်းနိုင်မလဲ စောင့်ကြည့်ရပါမယ်။

Photo Credit : Sporting News

ဟာလန်းအနေနဲ့ ဒီစံချိန်တွေက ရယူနိုင်ဖို့ ခက်ခဲနိုင်တယ်လို့ ဆိုနိုင်ပေမယ့် ပရီးမီးယားလိဂ်မှာ ဘယ်ကစားသမားမှ မရယူဖူးနိုင်သေးတဲ့ (၃၅)ဂိုးဆိုတဲ့ ဂိုးပမာဏကိုပါ တစ်ရာသီတည်းနဲ့ အရ ယူဆောင်ပြလိုက်တဲ့ ကစားသမား ဖြစ်တာကြောင့် သူ ဘာတွေ ဆက်လုပ်ပြနိုင်ဦးမလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါ့အပြင် တကယ်လို့များ ဟာလန်က စီးတီးနဲ့အတူ ဖလား(၃)လုံးသာ ရသွားခဲ့မယ်ဆိုရင် Ballon d’Or ဆုအထိပါ မျှော်လင့်ချက် ရှိလာနိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ဒါကြောင့် ဒီရာသီ ပြီးဆုံးသွားချိန်အထိ ဟာလန်းရဲ့ performance တွေကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရပါလိမ့်မယ်။