ဥရောချန်ပီယံလိဂ် ဗိုလ်လုပွဲကြီး ပြီးဆုံးသွားပြီးနောက်ပိုင်းကတည်းက ကစားသမားတစ်ယောက်အကြောင်း ဘောလုံးနယ်ပယ်ထဲမှာ ပြောမဆုံးပေါင် ဖြစ်နေခဲ့ရပါတယ်။ သူရဲ့ကွင်းလယ်ပိုင်း စွမ်းဆောင်ရည်တွေကြောင့် ချီးကျူးထောပနာပြု ပြောဆိုမှုတွေဟာ အခုထိကို မရပ်တန့်နိုင်သေးတဲ့အပြင် သူ့လို ကစားသမားမျိုးဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ဘလွန်းဒီအောဆုကိုပါ ရယူပိုင်ဆိုင်နိုင်သင့်တယ်လို့ သုံးသပ်ပြောဆိုမှုတွေအထိပါ လုပ်ဆောင်လာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၀)အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားကန်တီနဲ့ပတ်သက်ပြီး ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာတဲ့အထဲမှာ သူရဲ့အသင်းဖော် ဂျာမန်ကြယ်ပွင့် ကစားသမား ကိုင်းလ်ဟားဗက်ဇ်ပါ ပါဝင်လို့နေပါတယ်။ ဒါ့ပေမယ့် ဟားဗက်ဇ်ရဲ့ ဂျာမနီအသင်းနဲ့ ကန်တီရဲ့ ပြင်သစ်အသင်းတို့ဟာ လာမယ့် ယူရို-၂၀၂ဝပြိုင်ပွဲကြီးမှာ တစ်အုပ်စုတည်းကို ကျရောက်လို့နေတဲ့အပြင် ဂျာမနီနဲ့ ပြင်သစ်အသင်းတို့ဟာ ယူရိုပြိုင်ပွဲကြီးရဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာပဲ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်လို့ ကန်တီနဲ့ ဟားဗက်ဇ် တီမိုဗာနာ ရူဒီဂါတို့ဟာ ပြိုင်ဘက်တွေအဖြစ်နဲ့ ဆုံတွေ့ရတော့မှာဖြစ်ပါတယ်။

Photo Credit : The Chelsea Chronicle

ကန်တီနဲ့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်သွားရတော့မယ့် ဟားဗက်ဇ်က သူရဲ့ချယ်လ်ဆီးအသင်းဖော်ကြီးရဲ့ အကြောင်းနဲ့ပတ်သက်ပြီး “ခင်ဗျားအနေနဲ့ ကန်တီကို မြင်လိုက်ရပြီဆိုရင် အလိုလို ပြုံးရယ်မိမှာ။ သူက ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ အလွန်တော်တဲ့ လူတစ်ယောက်ပါ။ တကယ့်ကို လူကောင်းသူကောင်းတစ်ယောက်ပါ။ ကစားသမားတစ်ယောက်အဖြစ် ကြည့်လိုက်ရင်လည်း တကယ့်ကို ထိပ်တန်းကစားသမားတစ်ယောက်ပါ။ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် သူ့ကို ကွင်းထဲမှာ တွေ့မြင်နေရချိန်ဆို ကျွန်တော်ပျော်ရွှင်နေရတယ်။ သင့်အနေနဲ့ အမှားတွေများစွာကို ဘယ်လောက်ပဲ လုပ်လုပ် သူက အဲ့ဒီအမှားကနေ ပြိုင်ဘက်ဆီ ရောက်သွားတဲ့ ဘောလုံးကို ရအောင်ပြန်ဆယ်ယူပေးနိုင်တတ်တယ်။ လျင်မြန်တယ်။ ဖျတ်လတ်ပေါ့ပါးတယ်။ ဘောလုံးကို သူ့ခြေထောက်ထဲမှာ မြဲနေအောင် ထားတတ်တယ်။ ဒါတွေကြောင့်ပဲ ယူရိုပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ သူနဲ့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရမှာက တကယ့်ကို မလွယ်ကူလှပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ပြင်သစ်နဲ့ ဂျာမနီအသင်းတို့ဟာ ယူရိုပြိုင်ပွဲရဲ့ မရဏအုပ်စုဖြစ်တဲ့ အုပ်စု(F) မှာ ပေါ်တူဂီ ဟန်ဂေရီအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်လို့နေပြီး နောက်တစ်ဆင့်တတ်ရေးအတွက် အကြိတ်အနယ် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။