MySport Myanmar

ပီအက်စ်ဂျီက ကျေးဇူးမသိတတ်ဆုံး အသင်းတစ်သင်းလို့ ပိုချက်တီနို ဝေဖန်

စပါး ဆောက်သမ်တန် အက်စပန်ညို ပီအက်စ်ဂျီအသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်သူ မော်ရီစီယိုပိုချက်တီနိုက သူကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းတွေထဲကမှ ပီအက်စ်ဂျီအသင်းဟာ ကျေးဇူးမသိတတ်ဆုံးသော အသင်းတစ်သင်း ဖြစ်တယ်လို့ ဝေဖန် ပြစ်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

အာဂျင်တီးနားလူမျိုး ဘောလုံးနည်းပြ ပိုချက်တီနိုဟာ ကစားသမားဘဝတုန်းက သူပါဝင်ကစားခဲ့ဖူးတဲ့ ပီအက်စ်ဂျီအသင်းမှာ နည်းပြတစ်ဦးအဖြစ် ၂၀၂၁ခုနှစ် နှစ်အစပိုင်းမှာ တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး (၁၇)လတာ ကာလအတွင်း လီဂူးအမှတ်ပေးဖလား ပြင်သစ်ဖလားတွေ ရယူပေးနိုင်ခဲ့ပေမယ့်လည်း ဥရောပ အောင်မြင်မှု မရယူနိုင်ခဲ့လို့ ပြီးခဲ့တဲ့ ဇူလိုင်လမှာပဲ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ သူရဲ့နေရာမှာ ပီအက်စ်ဂျီအသင်းက နည်းပြဂယ်လ်တီယာနဲ့ အစားထိုးခဲ့ပေမယ့် ပိုချက်တီနိုကတော့ လက်ရှိအချိန်ထိကို အသင်းလက်မဲ့ အခြေအနေ ဖြစ်နေရပါတယ်။

Photo Credit : Daily Mail

ပိုချက်တီနိုက သူ့အနေနဲ့ ပီအက်စ်ဂျီနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေချိန်အတွင်းမှာ အသင်းဘက်က သူ့ကို တန်ဖိုးနှိမ့်ချထားသလို ခံစားမိခဲ့ရတယ်လို့ ရှင်းရှင်းလင်းလင်း ပြောဆိုလိုက်ပါတယ်။ “သူတို့က ကျေးဇူးအကန်ဆုံးအသင်းလားဆိုတော့ ဟုတ်ပါတယ်။ လုံးဝကို ဟုတ်ပါတယ်။ လူတိုင်းက နည်းပြအလုပ်ကို လျှော့တွက်ကြတယ်။ ကျွန်တော်တို့ အနိုင်ရခဲ့တုန်းမှာတော့ ဒါက တစ်ဦးချင်း အရည်အချင်းတွေကြောင့်လို့ သတ်မှတ်ကြပြီး ရှုံးပြီဆိုရင်တော့ နည်းပြရဲ့အမှားပဲ”လို့ ပိုချက်တီနိုက ထုတ်ဖော်သွားခဲ့ပါတယ်။ ဆက်လက်ပြီး ပိုချက်တီနိုက ပီအက်စ်ဂျီအသင်းအတွင်း ထိပ်သီးကစားသမားတွေ အများအပြား ပါဝင်နေခြင်းနဲ့ ပတ်သတ်ပြီးတော့ကိုလည်း “ဘာစီလိုနာအတွက် မက်ဆီရှိနေဖို့ ဒါမှမဟုတ် ရီးယဲလ်အတွက် ရော်နယ်လ်ဒိုရှိနေဖို့က ကောင်းချီးတစ်ခုပါပဲ။ ဒါပေမယ့် အားလုံးက နံပါတ်တစ် ဖြစ်ချင်နေကြတဲ့ ကစားသမားတွေကို အများအပြား ခေါ်ယူတဲ့အခါမှာ စိတ်ရှုပ်စရာတွေ ရှိလာနိုင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ပိုချက်တီနိုက လက်ရှိ ကျင်းပသွားတော့မယ့် ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာပဲ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြရာထူးကို တာဝန်ယူသွားချင်တယ်လို့ပါ ဖွင့်ဟထားခဲ့ပါတယ်။

Exit mobile version