မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ UEFA ရဲ့ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း အကောင်းဆုံးကစားသမားဆု ချီးမြှင့်ပွဲမှာ တစ်နှစ်တာရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားဆုကို ပိုင်ဆိုင်ခဲ့ရတဲ့ မန်စီးတီးအသင်းရဲ့ ဘယ်ဂျီယံကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းက UEFA နဲ့ အင်တာဗျူးအစီအစဉ်အတွင်းမှာ သူငယ်စဉ်တုန်းက လေးစားအားကျပြီး အတုယူခဲ့ရတဲ့ ဘောလုံးသမားက အင်္ဂလန်တိုက်စစ်ကစားသမားဟောင်း မိုက်ကယ်အိုဝင်သာဖြစ်တယ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၉)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် ကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်းက မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူဖြစ်လို့ သူ့ကို UEFA ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ချီးမြှင့်လိုက်ရတာပဲဖြစ်ပါတယ်။ ဆုတံဆိပ်ကို လက်ခံပြီးနောက် UEFA နဲ့ ဗီဒီယိုအင်တာဗျူးတစ်ခု ပြုလုပ်ခဲ့စဉ်အတွင်း ဒီဘရိုင်းက “ကျွန်တော် အတော်လေးကို ငယ်ရွှယ်ခဲ့စဉ်တုန်းက မိုက်ကယ်အိုဝင်က ကျွန်တော်ရဲ့ Idol တစ်ယောက် ဖြစ်ခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းကလည်း ကျွန်တော်က တိုက်စစ်ကစားသမားအဖြစ် ဆော့ကစားနေတာဖြစ်လို့ သူ့ကို အားကျမိရတာ”

Photo Credit : Daily Mail

“ဒါပေမယ့် ကွင်းလယ်ကစားသမားတစ်ယောက်အဖြစ် ပြောင်းလဲခံယူလိုက်တဲ့အချိန်မှာတော့ ဘောလုံးကစားရတာတစ်ခုကိုပဲ ကျွန်တော်သဘောကျမိတော့တယ်။ ကျွန်တော့်အတွက် အားကျမိရတဲ့ ကစားသမားကတော့ ရှိမလာခဲ့တော့ဘူး။ ကျွန်တော်က ဘောလုံးအားကစားကို အတွေးအခေါ်တစ်ခုလို ကစားရတာကိုပဲ ပိုသဘောကျတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း ဒီဘရိုင်းက “ဒါက အရမ်းကို ကောင်းမွန်တယ်။ ဘာကြောင့်လဲဆိုတော့ ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးမှာ သင်အနေနဲ့ ကမ္ဘာပေါ်က အကောင်းဆုံးဆိုတဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင်ကစားရနိုင်လို့ပါပဲ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်ကိုယ်တိုင်ကလည်း ဒါငါရဲ့အကောင်းဆုံးအရာတွေပဲလို့ စိတ်ထဲကနေ ပြောနေလိမ့်မယ်။ ကွင်းလယ်ကစားသမားတစ်ယောက်အနေနဲ့က ပွဲအတွင်းမှာ အဆက်မပြတ် စဉ်းစားတွေးတောနေဖို့ လိုအပ်ပြီးတော့ကို ပွဲကိုလည်း အကောင်းဆုံးရှေ့ဆက်နိုင်ဖို့ လုပ်ဆောင်ရလိမ့်မယ်။ ကျွန်တော်ကတော့ အသင်းဖော်တွေ အကောင်းဆုံးပုံစံနဲ့ သွင်းဂိုးတွေ ရယူနိုင်ဖို့အတွက် နေရာလွတ်တွေ ဖြစ်ပေါ်လာအောင် ကြိုးစားကစားပေးတတ်ပါတယ်” လို့ပါ ထပ်မံပြောဆိုသွားခဲ့ပါတယ်။ ဒီဘရိုင်း UEFA ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရဲ့ ဆန်ခါတင်(၃)ဦးစာရင်းမှာပါ ပါဝင်ခဲ့သေးပေမယ့်လည်း ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်တိုက်စစ်ကစားသမား လီဝန်ဒေါစကီးက သူရဲ့အသင်းဖော်နူအာနဲ့ ဒီဘရိုင်းတို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။