MySport Myanmar

ဥရောပဝင်ခွင့် မရရင် ပိုချက်တီနိုကို ထုတ်ပယ်ဖို့ စတင် စဉ်းစားမယ့် ချယ်လ်ဆီး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက လတ်တလောမှာ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေမှု အတွက် နည်းပြချုပ် ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားဦးမှာ မဟုတ်ပေမယ့် အကယ်၍ ဥရောပဝင်ခွင့်တွေကို လက်လွှတ်လိုက်ရမယ် ဆိုရင် ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားတော့မယ်လို့ နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၅၁နှစ် အရွယ် အာဂျင်တီးနားလူမျိုး ထိပ်သီးနည်းပြ မော်ရီစီယို ပိုချက်တီနိုက ၂၀၂၃ခုနှစ် ၊ ဇူလိုင်လမှ စတင်ကာ ချယ်လ်ဆီးကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးပိုင်ရှင် တော့ပ် ဘိုလေက ပိုချက်တီနိုကို ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

ချယ်လ်ဆီးက ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်ပြီးနောက် ပြောင်းရွှေ့ကြေး ပေါင် ၃၅၀သန်း ဝန်းကျင် အကုန်အကျခံကာ ကစားသမားသစ်တွေ ခေါ်ယူပေးခဲ့ပေမယ့် ပိုချက်တီနိုက ကစားသမားသစ်နဲ့ ကစားသမားဟောင်းတွေကို ပေါင်းစပ်ပြီး အသင်းနဲ့ လိုက်ဖက်တဲ့ ကစားကွက်ကို အခုချိန်အထိ မချမှတ်ပေးနိုင်သေးပါဘူး။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ The Telegraphရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲဝင်ခွင့် တနေရာစာ ရရှိဖို့ မျှော်လင့်ထားပြီး ဥရောပပြိုင်ပွဲဝင်ခွင့် ရနိုင်မယ့် မျှော်လင့်ချက် ရှိနေသေးသရွေ့ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားမှာ မဟုတ်ပဲ အကယ်၍ ဥရောပပြိုင်ပွဲဝင်ခွင့် မရနိုင်တော့ရင် ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားလိမ့်မယ်လို့ သိရပါတယ်။

Photo Credit: Sky Sports

လက်ရှိမှာ ချယ်လ်ဆီးက ပြည်တွင်းပြိုင်ပွဲ ၃ခုစလုံးမှာ ဝင်ရောက် ယှဉ်ပြိုင်နေဆဲ ဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဥရောပဝင်ခွင့် ရဖို့ မလွယ်ကူတော့ပေမယ့် ကာရာဘောင်းပြိုင်ပွဲနဲ့ အက်ဖ်အေပြိုင်ပွဲတွေ ကနေ ဥရောပဝင်ခွင့် အတွက် မျှော်လင့်ခွင့်တွေ ရှိနေပါသေးတယ်။

အထူးသဖြင့် ချယ်လ်ဆီးက ကာရာဘောင်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ရင် (တဖက်မှာလည်း လီဗာပူးက ဖူလ်ဟမ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲဆီ တက်ရောက်လာရင်) ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ဝင်ခွင့်ကို ရဖို့ ရှိနေတာကြောင့် ပိုချက်တီနိုက ရာထူးမြဲချင်ရင် ချယ်လ်ဆီးကို ကာရာဘောင်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်ဖို့ လိုအပ်နေပါတယ်။

Exit mobile version