မနေ့ညက ကျင်းပသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၈)မှာ ဒီရာသီအတွင်း အဝေးကွင်းရှုံးပွဲမရှိသေးတဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းကို စိန့်မေရီကွင်းမှာ အိမ်ရှင်ဆောက်သမ်တန်အသင်းက တိုက်စစ်မှူးချီအဒမ်စ် ကွင်းလယ်ကစားသမားအမ်းစထရောင်းတို့ရဲ့သွင်းဂိုးတွေနဲ့ (၂)ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကိုပါ ယာယီတတ်လှမ်းနိုင်ခဲ့ကာ အခုလို အမှတ်ပေးဇယားထိပ်ကို တတ်လှမ်းနိုင်ခဲ့တာဟာလည်း အသင်းရဲ့သမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Twitter

နည်းပြဟာဆန်ဟူတယ်လ်ရဲ့ ဆောက်သမ်တန်အသင်းဟာ စပါးအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးကတည်းက နယူးကာဆဲလ်နဲ့ပွဲအထိ ပရီးမီးယားလိဂ်(၆)ပွဲဆက်တိုက် ရှုံးပွဲမရှိတော့ပဲ (၅)ပွဲအနိုင်ရထားခဲ့သလို ချယ်လ်ဆီးနဲ့ပွဲမှာလည်း ဂိုးပြတ်ရှုံးထားရာကနေ သရေရလဒ်ထိရအောင် ကစားနိုင်ခဲ့ပါတယ်။ အခုလည်း ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၈)ပွဲကစားပြီးတဲ့နောက် ရမှတ်(၁၆)မှတ် ပိုင်ဆိုင်ထားခဲ့ပြီး လီဗာပူးလ်အသင်းနဲ့ ရမှတ်တူနေပေမယ့် ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Goal

အခုလို စွမ်းဆောင်ရည်ကောင်းတွေနဲ့ပတ်သက်ပြီး ဆောက်သမ်တန်နည်းပြ ဟာဆန်ဟူတယ်လ်က “ကျွန်တော်တို့အသင်းရဲ့ စွမ်းဆောင်ရည်တွေကတော့ အတော်လေး အံ့မခန်းပါပဲ။ ဒီရလဒ်တွေကြောင့် အသင်းသားတွေအားလုံးကို ကျွန်တော် ဂုဏ်ပြုစကားပြောဆိုချင်ပါတယ်။ လုံးဝကို အံ့မခန်းပါပဲ။ လက်ရှိမှာ ကစားသမားအားလုံးက ခြေစွမ်းပိုင်းအမြင့်ဆုံးကို ရောက်ရှိလို့နေပါတယ်။ အရိုုးသားဆုံးပြောရရင် လက်ရှိအချိန် အသင်းရဲ့စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး ကြောက်စရာကောင်းနေတယ်လို့တောင် ဆိုရမယ်။ ဒါပေမယ့်လည်း ဒါဟာ အားလုံးရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် ဖြစ်လာခဲ့ရတာမို့ အရမ်းတော့ အံ့သြစရာ မရှိပါဘူး။ လက်ရှိမှာ အသင်းက အင်အားကောင်းတဲ့ အသင်းတစ်သင်းဖြစ်လို့နေပါပြီ။ ဒါက တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဆောက်သမ်တန်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ဒင်နီအင့်စ်ဟာ ဒူးဒဏ်ရာပြသာနာကြောင့် (၆)ပတ်ခန့်အထိ အနားယူရနေပြီဖြစ်ပေမယ့် နွေစျေးကွက်ကမှ အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမား သီယိုဝေါ့ကော့ရော တိုက်စစ်ကစားသမားချီအဒမ်စ်ကပါ ခြေစွမ်းကောင်းတွေ ပြသလို့နေတာကြောင့် ရလဒ်ကောင်းတွေကို ဆက်တိုက်ရယူနေနိုင်တာဖြစ်ပါတယ်။