ကစားသမားဘဝကနေ အနားယူရမယ့် အသက်အရွှယ်လောက်ကို ရောက်ရှိနေပေမယ့်လည်း အနားယူဖို့ကို လစ်လျစ်ရှုထားခဲ့တဲ့အပြင် မေဂျာလိဂ်ကနေ ဥရောပဘောလုံးနယ်ပယ်ထဲကို ပြန်လည်ဝင်ရောက်လာပြီး အသင်းဟောင်း အေစီမီလန်နဲ့ပါ ပြန်လည်ပူးပေါင်းခဲ့တဲ့ ဝါရင့်ဆွီဒင်တိုက်စစ်ကစားသမားကြီး ဇလာတန်အီဗရာဟီမိုဗစ်ကတော့ လက်ရှိမှာ မီလန်အသင်းရဲ့ပွဲထွက်ကစားသမားအဖြစ် ပွဲဆက်များစွာ ပါဝင်ကစားနေရကာ သွင်းဂိုးအချို့လည်း ရယူထားနိုင်ခဲ့တာကြောင့် သူ့ထက် အသက်ငယ်ရွှယ်သေးတဲ့ လင်ဂတ်နဲ့ပါရဲရားတို့လို ကစားသမားတွေ ဂိုးပေါက်ပျောက်နေတဲ့အပေါ်မှာ မယုံနိုင်အောင်ဖြစ်ရတယ်လို့ လှောင်ပြောင်ကျီစယ်ဟန်နဲ့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : talkSPORT

အသက်၃၈နှစ်အရွှယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှုးကြီး အီဗရာဟီမိုဗစ်က သူရဲ့ယူနိုက်တက်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဂျက်ဆီလင်ဂတ်နဲ့ အန်ဒရီယက်စ်ပါရဲရားတို့ ဂိုးမိုးခေါင်နေမှုနဲ့ပတ်သက်ပြီး “ပွဲ၂၀ကျော်ပြီလေ တစ်ဂိုးမှမရသေးဘူးဆိုတော့ ဘယ်လိုကြီးလဲပေါ့။ ကျုပ်တစ်ခါမှ ဒါမျိုးကို မကြားဖူးဘူးဗျာ။ မင်းတို့တွေအနေနဲ့ ဂိုးဘယ်လိုသွင်းယူရမလဲဆိုတာကို လေ့လာသင်ယူသင့်နေပြီ။ မင်းတို့တွေ ငါရဲ့သင်တန်းကြောင်းကို လာခဲ့ပါလား။ ဂိုးဘယ်လိုသွင်းရသလဲဆိုတာ ငါမင်းတို့ကို သင်ကြားပေးမယ်” လို့ ဗီဒီယိုဖိုင်ထဲကနေတစ်ဆင့် နောက်ပြောင်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football365

အသက်၂၇နှစ်အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်မှာ သွင်းဂိုးလုံးဝရယူထားခြင်းမရှိသေးသလို ဂိုးဖန်တီးမှုလည်း မပြုလုပ်နိုင်ခဲ့ပါဘူး။ လင်ဂတ်က ယူနိုက်တက်အသင်းအတွက် ယူရိုပါလိဂ်နဲ့ အက်အေဖလားပွဲတွေမှာ သွင်းဂိုး၁ဂိုးစီ ရယူနိုင်ခဲ့တာဖြစ်ပြီး ပရိသတ်များစွာရဲ့ ဝေဖန်မှုတွေနဲ့ အလူးအလဲရင်ဆိုင်နေရသူဖြစ်ပါတယ်။ ပါရဲရားကတော့ ဘရိုက်တန်နဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာပဲ သွင်းဂိုး၁ဂိုး ရယူထားတာဖြစ်ပြီး ဒီရာသီအတွင်း ပြိုင်ပွဲစုံ၃၅ပွဲ ကစားထားတာတောင် သွင်းဂိုးမှာ ၁ဂိုးပဲရှိထားခဲ့လို့ ဒီကစားသမားနှစ်ယောက်ကို သူတို့ရဲ့ စီနီယာကစားသမားဟောင်းကြီး မိုဗစ်က အခုလို လှောင်ပြောင်သွားခဲ့တာဖြစ်ပါတယ်။