ဒီပြိုင်ပွဲက လာမယ့်ဘောလုံးရာသီကနေ စတင်ကျင်းပတော့မှာဖြစ်ပြီးတော့ နာမည်ကြီး အားကစားဂျာနယ်တချို့မှာလည်း ကွန်းဖရန့် ကွန်းဖရန့်နဲ့ ဖော်ပြနေတာတွေကို တွေ့လာခဲ့ရပေမယ့် အမှုမဲ့အမှတ်မဲ့ ဖြစ်ခဲ့ရာကနေ လိဂ်အမှတ်ပေးဇယားမှာ အဆင့်(၇)ရတဲ့ ကလပ်အသင်းက ယူရိုပါလိဂ်ကို ခြေစစ်ပွဲအဆင့်ကနေ ဝင်ကစားရလိမ့်မယ်လို့ ထင်မိခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Viewers တွေထဲကမှ ဘောလုံးအကြောင်း အတော်လေးကို သိထားကြတဲ့ ညီအစ်ကိုတွေနဲ့တောင် အငြင်းအခုန် ဖြစ်ခဲ့ရပါသေးတယ်။ ဒါကြောင့် ဒီနေ့တော့ အချိန်ယူပြီး လေ့လာမိခဲ့တဲ့ ကွန်းဖရန့်လိဂ်အကြောင်းလေးကို ပြန်ဝေမျှပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Khel Now

ကွန်းဖရန့်လိဂ်ဆိုတာက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေပြီးရင် တတိယအဆင့်ရှိတဲ့ ပြိုင်ပွဲတစ်ခုပါ။ ဥရောပက မထင်မရှား နိုင်ငံတွေ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ဝင်တိုးဖို့ခက်ခဲတဲ့ ကလပ်အသင်းတွေအပြင် ဥရောပထိပ်တန်း အမှတ်ပေးလိဂ်တွေမှာ အဆင့်(၇)နေရာကို ရရှိခဲ့တဲ့ ကလပ်အသင်းတွေ ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ဥရောပတိုက်က နိုင်ငံပေါင်း (၅၅)နိုင်ငံရှိ ကလပ်အသင်းပေါင်း တစ်ရာကျော် ဝင်ရောက်ဆင်နွဲရမယ့် ကွန်းဖရန့်လိဂ်ပြိုင်ပွဲဟာ ခြေစစ်ပွဲအဖြစ် ပထမအဆင့် ဒုတိယအဆင့် တတိယအဆင့် ကျင်းပလို့အပြီး ပလေးအော့အဆင့်ကို ဆက်လက်ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။

Photo Credit : Footy Headlines

ပလေးအော့အဆင့် ပြီးရင်တော့ အသင်းပေါင်း (၃၂)သင်းကို အုပ်စု(၈)စုခွဲပြီး ဆက်လက်ယှဉ်ပြိုင်စေမှာဖြစ်ကာ အုပ်စုအဆင့်မှာ ပထမနေရာ ရယူနိုင်ခဲ့တဲ့ အသင်း(၈)သင်းက အလိုအလျောက် (၁၆)သင်းအဆင့် ရှုံးထွက်အဆင့်ကို တတ်လှမ်းနိုင်မှာဖြစ်သလို အုပ်စုဒုတိယရတဲ့ အသင်း(၈)သင်းကတော့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ အုပ်စုတတိယပဲ ရယူနိုင်ခဲ့ကာ ယူရိုပါလိဂ်ကနေ ထွက်ခွာလာခဲ့ရတဲ့ အသင်း(၈)သင်းနဲ့ ရှုံးထွက်ပွဲကို ဆင်နွဲရမှာဖြစ်ပါတယ်။ အဲ့ဒီကနေ အနိုင်ရလာတဲ့ (၈)သင်းက ကွန်းဖရန့်အုပ်စုအဆင့်မှာ အုပ်စုဗိုလ်ရထားတဲ့ အသင်း(၈)သင်းနဲ့ (၁၆)သင်းအဆင့် ရှံးထွက်ပွဲတွေ ကွာတားဖိုင်နယ် ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲတွေကို ဆက်တိုက်ကစားရမှာဖြစ်ပြီး နောက်ဆုံးဖိုင်နယ်မှာ အနိုင်ရမယ့်အသင်းက နောက်နှစ်ဘောလုံးရာသီ ယူရိုပါလိဂ်ပြိုင်ပွဲဆီကို တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗီလာရီးယဲလ် အူန်ယွန်းဘာလင်အသင်းတွေက ကွန်းဖရန့်လိဂ်ကို ဝင်ရောက်ကစားရမယ့် အသင်းတွေအဖြစ် အဖြေပေါ်ထားပြီး ဘယ်အသင်းတွေ ဆက်လက်ပါဝင်လာဦးမလဲဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။