MySport Myanmar

Ballon d’Or နဲ့ FIFA The Best ဆုတွေက ဘာတွေကွာခြားလဲ?

ဒီနေ့ စက်တင်ဘာလ (၂၂)ရက် တနင်္လာနေ့မှာ ၂၀၂၅ ခုနှစ်အတွက် Ballon d’Or ဆုပေးပွဲကို ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဆုပေးပွဲက တခြားဘောလုံးဆိုင်ရာ ဆုပေးပွဲတစ်ခုနဲ့ ပတ်သက်ပြီး မေးခွန်းအချို့ကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ဒီဆုနှစ်ခုရဲ့ ကွာခြားချက်ကို ရှင်းလင်းဖော်ပြသွားမှာဖြစ်ပါတယ်။

The Best နဲ့ Ballon d’Or ဆိုတာက FIFA နဲ့ France Football မဂ္ဂဇင်းတို့ လမ်းခွဲခဲ့ပြီးနောက်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားတွေကို ဂုဏ်ပြုဖို့အတွက် နှစ်စဉ်ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားတွေပဲ ဖြစ်ပါတယ်။ အင်ဖန်တီနိုက FIFA ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရပြီး မကြာခင်မှာပဲ သူတို့အဖွဲ့အစည်းနဲ့ ဘောလုံးမဂ္ဂဇင်း France Football တို့ရဲ့ ချိတ်ဆက်မှုကို ဖြတ်တောက်ခဲ့ပြီး Ballon d’Or ဆုမှာ ပါဝင်ပတ်သက်မှုကို အဆုံးသတ်ခဲ့ပါတယ်။ ဒါကြောင့် FIFA က သူ့ရဲ့ ကိုယ်ပိုင်သီးသန့်ဆုဖြစ်တဲ့ ‘The Best’ ဆုပေးပွဲကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဆုနှစ်ခုလုံးက ထူးချွန်တဲ့ တစ်ဦးချင်းအရည်အသွေးတွေကို ဂုဏ်ပြုတယ်ဆိုတဲ့ အဓိကရည်ရွယ်ချက်တူညီပေမယ့် သူတို့ကြားမှာ ကွဲပြားတဲ့အချက်အချို့ ရှိနေပါတယ်။

Ballon d’Or (ဘာလွန်းဒေါ)

Photo Credit : GiveMeSport

ကျင်းပသူ: ပြင်သစ်နိုင်ငံက France Football မဂ္ဂဇင်းက ၁၉၅၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး ဘောလုံးလောကရဲ့ “ဂုဏ်သိက္ခာအကြီးမားဆုံး” တစ်ဦးချင်းဆုအဖြစ် ယေဘုယျအားဖြင့် သတ်မှတ်ခံရပါတယ်။

မဲပေးသူများ: ကမ္ဘာတစ်ဝှမ်းမှ ရွေးချယ်ထားသော အားကစားဂျာနယ်လစ်များသာ မဲပေးရွေးချယ်ကြတာ ဖြစ်ပါတယ်။

အကဲဖြတ်သည့်ကာလ: အရင်က ပြက္ခဒိန်တစ်နှစ်စာ (calendar year) ခြေစွမ်းကို ကြည့်ရှုခဲ့ပေမယ့် ၂၀၂၂ ခုနှစ်ကစပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီ (previous season) တစ်ခုလုံးရဲ့ ခြေစွမ်းကို အခြေခံပြီး အကဲဖြတ်ဖို့ ပြောင်းလဲခဲ့ပါတယ်။

သမိုင်း: ပထမဆုံးဆုရှင်က အင်္ဂလန်ကစားသမားကြီး စတန်လေ မက်သရူးဖြစ်ပြီး လက်ရှိဆုရှင်ကတော့ မန်စီးတီးကွင်းလယ်လူ ရိုဒရီ ဖြစ်ပါတယ်။

အခြားဆုများ: အကောင်းဆုံး လူငယ်ကစားသမား၊ အမျိုးသမီးကစားသမား၊ ဂိုးသမား၊ နည်းပြ စတဲ့ဆုတွေကိုလည်း ခွဲခြားချီးမြှင့်ပါတယ်။

FIFA The Best (ဖီဖာရဲ့ အကောင်းဆုံးဆု)

Photo Credit : ESPN

ကျင်းပသူ: ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က France Football နဲ့ လမ်းခွဲပြီးနောက် ၂၀၁၇ ခုနှစ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။

မဲပေးသူများ: ဒီဆုရဲ့ မဲပေးစနစ်က ပိုမိုကျယ်ပြန့်ပါတယ်။

နိုင်ငံအသင်းနည်းပြများ

နိုင်ငံအသင်းခေါင်းဆောင်များ

အားကစားဂျာနယ်လစ်များ

ပရိသတ်များ (FIFA ဝက်ဘ်ဆိုဒ်ကနေတစ်ဆင့်) တို့အားလုံး ပါဝင်မဲပေးကြတာ ဖြစ်ပါတယ်။

အကဲဖြတ်သည့်ကာလ: Ballon d’Or လိုပဲ ပြီးခဲ့တဲ့ ဘောလုံးရာသီ ရဲ့ ခြေစွမ်းကို အခြေခံပြီး ရွေးချယ်တာဖြစ်ပါတယ်။

သမိုင်း: ပထမဆုံးဆုရှင်က ခရစ္စတီယာနို ရော်နယ်ဒိုဖြစ်ပြီး လက်ရှိဆုရှင်ကတော့ ရီးယဲလ်မက်ဒရစ်ကြယ်ပွင့် ဗင်နီဆီးယပ်စ် ဂျူနီယာ ဖြစ်ပါတယ်။

အခြားဆုများ: Ballon d’Or လိုပဲ တခြားဆုအမျိုးအစားတွေ ပါဝင်တဲ့အပြင် Puskás Award (အကောင်းဆုံးဂိုးဆု) ရဲ့ အမျိုးသမီးဗားရှင်းဖြစ်တဲ့ FIFA Marta Award ဆိုတဲ့ ဆုအသစ်တစ်ခုကိုလည်း မနှစ်က စတင်ချီးမြှင့်ခဲ့ပါတယ်။

Exit mobile version