MySport Myanmar

ဗက်ဟို့စ်က ဂျရူးနဲ့ ဆင်တူတဲ့ တိုက်စစ် ကစားသမားမျိုး ဖြစ်တယ်လို့ အီဗရာ သုံးသပ်

မန်ချက်စတာယူနိုက်တက်အသင်းဆီကို ရောက်ရှိလာတော့မဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဗောက်ဗက်ဟို့စ်က ပြင်သစ်တိုက်စစ်မှူးကြီး အိုလီဗီယာဂျရူးလို ကစားသမားမျိုး ဖြစ်လာနိုင်တယ်လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ပက်ထရစ်အီဗရာက သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Guardian

ဆောင်းဈေးကွက်အတွင်းမှာ တိုက်စစ်ကစားသမားတစ်ဦး ခေါ်ယူသွားဖို့ ရှိနေတဲ့ ယူနိုက်တက်အသင်းဟာ တိုက်စစ်ကစားသမား တော်တော်များများနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဘန်လေအသင်းရဲ့ နယ်သာလန် တိုက်စစ်မှူး ဗက်ဟို့စ်ကိုသာ ခေါ်ယူသွားဖို့ ဖြစ်လာခဲ့ရပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွင်း တူရကီကလပ် ဘက်ဆစ်တပ်အသင်းမှာ အငှားနဲ့ ပါဝင်ကစားနေတဲ့ ဗက်ဟို့စ်ကို ယူနိုက်တက်က ရာသီကုန်အထိ ထပ်မံ အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ရာ ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်မှာ လာရောက်ကစားဖို့ စိတ်အားထက်သန်နေတာကြောင့် နောက်ဆုံးမှာ အပြောင်းအရွေ့ ဖြစ်ပေါ်လာခဲ့ရပါတယ်။

Photo Credit : TEAMtalk

အရပ်အမောင်း မြင့်မားလှတဲ့ တိုက်စစ်မှူး ဗက်ဟို့စ်နဲ့ ပတ်သတ်ပြီး ယူနိုက်တက် ကစားသမားဟောင်းကြီး အီဗရာက “ကစားသမားတစ်ယောက်အနေနဲ့ သူနဲ့ ပတ်သတ်ပြီး သဘောကျမိတာက သူ့ကို ကြည့်ရတာ အိုလီဗီယာဂျရူးကို နည်းနည်း သတိရသွားစေသလိုပဲ။ သူက ဂိုးတွေ ပြန်သွင်းယူပြတယ်။ သူရဲ့ သက်လုံနဲ့ ကစားတယ်။ သူက ရုပ်ပိုင်းဆိုင်ရာအရလည်း သန်မာတယ်။ နောက်ပြီးတော့ ဘောလုံးကို ဘယ်လိုထိန်းထားရမလဲဆိုတာလည်း သိနေပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ အီဗရာက ယူနိုက်တက်အသင်း ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်နဲ့ သတင်းတွေ ထွက်ပေါ်နေတုန်းကလည်း ယူနိုက်တက် လိုအပ်နေတာ ဖီးလစ်လို ကစားသမားမျိုး မဟုတ်ပဲ ဂိုးတွေ များစွာ သွင်းယူနိုင်မဲ့ တိုက်စစ်မှူးမျိုးသာ လိုအပ်တာဖြစ်ကြောင်း မှတ်ချက်ပြု ပြောဆိုထားခဲ့ဖူးပါသေးတယ်။ ဗက်ဟို့စ်က ဘန်လေနဲ့အတူ ပရီးမီးယားလိဂ်ကို ရောက်ရှိခဲ့တုန်းက သူရဲ့ သွင်းဂိုးမှတ်တမ်းတွေဟာ အထင်ကြီးလောက်စရာ မရှိပေမဲ့လည်း ဝုလ်ဖ်ဘတ် အေဇက်အယ်ခမာတို့မှာတော့ သူရဲ့ ဂိုးပမာဏတွေက အားရစရာ အနေအထားမှာ ရှိနေပါတယ်။

Exit mobile version