MySport Myanmar

မက်ဂွိုင်းယားအပေါ် လှောင်ပြောင်ခဲ့တဲ့ အင်္ဂလန်ပရိသတ်တွေကို ဟန်ဒါဆန် ပြစ်တင်ဝေဖန်

မနေ့ညက ဝင်ဘာလေကွင်းအတွင်းမှာ နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်သွားခဲ့ကြတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းတို့ရဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့် ရရှိခဲ့တဲ့ နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားအပေါ် အင်္ဂလန်အသင်းရဲ့ ပရိသတ်တွေကိုယ်တိုင် အော်ဟစ်လှောင်ပြောင်ခဲ့ခြင်းကို နားမလည်နိုင်အောင် ဖြစ်ခဲ့ရတယ်လို့ အသင်းဖော် ဂျော်ဒန်ဟန်ဒါဆန်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ဒီနှစ်ဘောလုံးရာသီမှာ ပရိသတ်တွေရဲ့ ဝေဖန်လှောင်ပြောင်မှုတွေနဲ့ မကြာခဏ ရင်ဆိုင်နေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်း အသင်းခေါင်းဆောင် နောက်ခံကစားသမား မက်ဂွိုင်းယားဟာ သူရဲ့ခံစစ်စွမ်းရည် အားနည်းချက်တွေ ရှိ်နေတဲ့ကြားကပဲ အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ရွေးချယ်ခံခဲ့ရသလို အိုင်ဗရီကို့စ်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ခြေစမ်းပွဲရဲ့ ပွဲထွက်လူစာရင်းမှာပါ ပါဝင်လာခဲ့ရပါတယ်။ ပွဲမစတင်ခင် ဝင်ဘာလေကွင်းအတွင်း ပါဝင်ကစားမယ့် ကစားသမားတွေရဲ့နာမည်ကို ထုတ်ပြန်ကြေညာနေချိန် မက်ဂွိုင်းယားနာမည် ကြေညာတဲ့အချိန်မှာ အင်္ဂလန်ပရိသတ်တွေက အလွန်အကျွံ အော်ဟစ်လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit : The Sun

ဒီလို လှောင်ပြောင်မှုတွေက ပွဲကစားနေချိန်အတွင်းမှာပါ မက်ဂွိုင်းယား ဘောလုံးထိချက်တိုင်းမှာ အင်္ဂလန်ပရိသတ်တွေက တောက်လျှောက်ကို အော်ဟစ်လှောင်ပြောင်နေတာဖြစ်လို့ မက်ဂွိုင်းယားရဲ့ အင်္ဂလန်အသင်းဖော် ဟန်ဒါဆန်က အသင်းပရိသတ်တွေရဲ့ လုပ်ရပ်တွေကို ပြန်လည်ဝေဖန်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဟန်ဒါဆန်က ” မနေ့ညက ဝင်ဘာလေကွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော် လုံးဝ နားမလည်နိုင်အောင် ဖြစ်မိတယ်။ ဟယ်ရီမက်ဂွိုင်းယားက အင်္ဂလန်အသင်းအတွက် အရေးပါလှတဲ့ ကစားသမားတစ်ယောက်ပါ။ သူသာ မပါဝင်ခဲ့ဘူးဆိုရင် ကျွန်တော်တို့တွေ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲကြီိးနှစ်ခုမှာ တိုးတတ်လာမှုတွေက ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ဘာအကြောင်းပြချက်မှ မရှိပဲနဲ့ သူရဲ့နိုင်ငံ အိမ်ကွင်းကြီးထဲမှာ အော်ဟစ်လှောင်ပြောင် အပြစ်တင်ခံခဲ့ရတယ်။ ကျွန်တော်တို့တွေ ဘာဖြစ်သွားခဲ့တာလဲ။ ဒီနေ့ညမှာ ဖြစ်ပျက်ခဲ့တာတွေက လုံးဝအမှားသက်သက်ပဲ။ မက်ဂွိုင်းယားလို အင်္ဂလန်အသင်းကို နိုင်ပွဲတွေ ရယူပေးချင်နေတဲ့ သူမျိုးနဲ့ အတူတူ အဝတ်လဲခန်းကို မျှဝေအသုံးပြုနေရတာ ကျွန်တော် တကယ် ကံကောင်းတယ်လို့ ခံစားမိတယ်။ ကျွန်တေ်ာတို့အားလုံး အတူတူ ခံစားရပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Exit mobile version