မန်ချက်စတာယူနိုက်တက်အသင်းကတော့ လက်ရှိမှာ ယူရိုပါလိဂ်ပြိုင်ပွဲကို ဆက်လက်ဆင်နွဲနေရသလို လာမယ့်ဘောလုံးရာသီအတွက်ကိုလည်း ပြင်ဆင်မှုတွေအဖြစ် ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်နိုင်ဖို့ လုပ်ဆောင်နေရပြီး လတ်တလောမှာတော့ ဒေါ့မွန်အသင်းရဲ့ကြယ်ပွင့်ကစားသမား ဂျေဒန်ဆန်ချိုကို အဓိကပစ်မှတ်ထားလျက်ရှိကာ ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ထားပေမယ့်လို့ အသင်းနှစ်သင်းရဲ့ကြားမှာ ဆန်ချိုရဲ့ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေက အဆင်ပြေနိုင်မယ့် အလားအလာကို မရောက်သေးလို့ အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့က ကြန့်ကြာနေခဲ့ရပါတယ်။

Photo Credit : Saudi24 News

လတ်တလောမှာ ဆန်ချိုနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ အပြောင်းအရွှေ့ပတ်သက်ပြီး ကောလဟာလသတင်းတွေ အတော်လေး ထွက်ပေါ်နေသလို သတင်းတိုင်းရဲ့ဦးတည်ချက်တွေကလည်း မတူညီကြပါဘူး။ တချို့သတင်းတွေမှာ ယူနိုက်တက်က ဆန်ချိုကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးကို ခွဲပြီးပေးချေတာကို ဒေါ့မွန်ဘက်ကနေ သဘောတူလိုက်တယ်လို့ ဖော်ပြနေကြသလို တချို့မီဒီယာတွေမှာတော့ ဒေါ့မွန်က ဆန်ချိုကို သူတို့လိုချင်တဲ့ တန်ကြေးအတိုင်းမရဘူးဆိုရင် ရောင်းထုတ်မှာမဟုတ်ပဲ ဒီရက်ပိုင်းအထိပဲ ဆက်လက်စောင့်ကြည့်မယ်လို့ သတိပေးထားကြောင်း ဖော်ပြနေကြပါတယ်။

Photo Credit : The Mirror

ဒီနေ့မှာတော့ ဆန်ချိုနဲ့ပတ်သက်ပြီး အစောပိုင်းတတ်လာတဲ့ သတင်းတွေက ဆန်ချိုဟာ အင်္ဂလန်နိုင်ငံကို ပြန်လည်ရောက်ရှိနေတယ်ဆိုတဲ့အကြောင်းဖြစ်ပြီး ဒါနဲ့ပတ်သက်ပြီးတော့ကိုလည်း အမျိုးမျိုးထင်ကြေးပေးနေကြပြီး အများစုကတော့ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ကိစ္စကြောင့်လို့ပဲ မှတ်ချက်ပေးလာခဲ့ပါတယ်။ ဒီသတင်းထက် စိတ်ဝင်စားစရာကောင်းတာကတော့ Sunday Times ကနေ ဖော်ပြလာခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ပြီး တကယ်လို့ ယူနိုက်တက်အတွက် အရမ်းကို အလိုရှိနေတဲ့ ဆန်ချိုကို အသင်းတာဝန်ရှိသူတွေဘက်ကနေ အရခေါ်ယူပေးနိုင်ခဲ့ရင် ယူနိုက်တက်ရဲ့ဒီနှစ်နွေရာသီ လူခေါ်ယူမှုက အဆုံးသတ်ရဖွယ် ရှိနေတယ်ဆိုတဲ့အကြောင်းပါ။ ယူနိုက်တက်အသင်းဟာ ငွေကြေးပိုင်းအင်အားတောင့်တင်းတဲ့ ကလပ်အသင်းတစ်သင်းဆိုပေမယ့် လက်ရှိအချိန် အသင်းတိုင်းက ကိုဗစ်ဂယက်ကြောင့် စီးပွားရေးပိုင်း ထိခိုက်ထားရတာဖြစ်လို့ ဒီစျေးကွက်အတွင်းမှာ အသုံးစရိတ်တွေကို အလျှံအပယ် သုံးစွဲနိုင်ဖွယ်မရှိပဲ အသင်းရဲ့ ကစားသမားရောင်းချမှုကနေပါ အရမ်းမျှော်လင့်လို့ မရနိုင်တာကြောင့် တကယ်လို့များ ယူနိုက်တက်ဟာ ဆန်ချိုကို ရလိုက်မယ်ဆိုရင် အဝယ်စာရင်း ပိတ်လိုက်ရနိုင်ပါတယ်။