ယူရို-၂၀၂ဝပြိုင်ပွဲကြီးရဲ့ အုပ်စုအဖွင့်ပွဲစဉ်တွေကို ဇွန်လ(၁၁)ရက်နေ့ကနေ ဆက်တိုက်ကို ကျင်းပစေခဲ့တာ အခုဆိုရင် နောက်ဆုံးအုပ်စု မရဏာအုပ်စုဖြစ်တဲ့ အုပ်စု(F)ရဲ့ အုပ်စုအဖွင့်ပွဲတွေသာ ကျန်ရှိနေပါတော့တယ်။ ဒီအုပ်စုထဲမှာ ပြင်သစ် ဂျာမနီ ဟန်ဂေရီအသင်းတွေနဲ့အတူ တစ်အုပ်စုတည်းကို ကျရောက်နေတာကတော့ ယူရို-၂၀၁၆ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ထားခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းဖြစ်ပြီး ဒီအသင်းကိုလည်း ထိပ်တန်းကစားသမားတစ်ဦးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုက ဦးဆောင်လာခဲ့ပါတယ်။

Photo Credit : Goal

ဒီ ယူရိုပြိုင်ပွဲဟာ အသက်(၃၆)အရွှွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်ကစားသမားကြီး ရော်နယ်ဒိုအတွက်တော့ ပဥ္စမြောက် ယူရိုပြိုင်ပွဲဖြစ်သလို ယူရိုချန်ပီယံဆုကို (၂)ကြိမ်ဆက်တိုက် ဆွတ်ခူးပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးကောင်းကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းက အကျပ်ဆုံး အုပ်စုမှာ ကျရောက်နေရတယ်ဆိုပေမယ့် အသင်းရဲ့လူစာရင်းမှာတော့ ရော်နယ်ဒိုအပါအဝင် အရည်အသွေးကောင်းတဲ့ ကစားသမား အများစု ပါဝင်နေတာကြောင့် ဗိုလ်စွဲဖို့အထိပါ ရေပန်းစားနေတာဖြစ်ပါတယ်။

Photo Credit : Goal

ယူရိုပြိုင်ပွဲနဲ့ပတ်သက်ပြီး ရော်နယ်ဒိုက “လက်ရှိအချိန်မှာ ကျွန်တော့်အတွက် အရေးကြီးဆုံးသောအရာက ယူရိုပြိုင်ပွဲကြီးပါပဲ။ ဒါက ကျွန်တော့်အတွက် (၅)ကြိမ်မြောက်အဖြစ် ယှဉ်ပြိုင်သွားရမယ့် ယူရိုပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီပြိုင်ပွဲဟာ ကျွန်တော့်အတွက် ပထမဆုံးအကြိမ်လိုမျိုးကို ခံစားနေရမိတယ်။ ကျွန်တော်တို့တွေအနေနဲ့ အဖွင့်ပွဲကနေ နောက်ဆုံးပွဲစဉ်အထိ အကောင်းဆုံး စိတ်ခံယူချက်တွေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားချင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ ဥရောပအောင်မြင်မှုတွေဖြစ်တဲ့ ယူရိုဖလား UEFA Nations League ဖလားတွေကိုပါ ရယူထားနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ ယူရိုပြိုင်ပွဲကြီးကို ဆင်နွဲလို့အပြီးမှာပဲ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိမှာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး ဒီနှစ်နွေမှာ အသင်းနဲ့ လက်တွဲဖြုတ်ဖွယ်လည်း ရှိနေတဲ့အပြင် ပီအက်စ်ဂျီနဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့ပါ အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။ ရော်နယ်ဒိုကတော့ သူအနေနဲ့ ဂျုဗင်မှာပဲ ဆက်နေနေ အသင်းပဲပြောင်းပြောင်း သူ့အတွက် အကောင်းဆုံးတွေသာ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မှုရှိစွာနဲ့ ပြောဆိုသွားခဲ့ပါတယ်။