ဆွီဒင်လက်ရွေးစင်ဟောင်း ဝါရင့်တိုက်စစ်ကစားသမားကြီး ဇလာတန်အီဗရာဟီမိုဗစ်ကတော့ သူရဲ့ဆွီဒင်အသင်းနဲ့ပတ်သက်ပြီး ဆွီဒင်အသင်းရဲ့နည်းပြဖြစ်သူ ယာနန်အန်ဒါဆန်ရဲ့ပွဲထွက်ကစားသမား ရွေးချယ်ပုံကို ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။ ဆွီဒင်အသင်းဟာ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ Nations League ပွဲစဉ်အတွင်းမှာ ဆွီဒင်ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ဒီဂျန်ကူလူဆက်စကီးကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ပြီး ဝါရင့်ကစားသမားကြီး ဆီဘက်စတီယန်လာဆင်ကိုသာ အသုံးပြုထားခဲ့တဲ့အပေါ် ဆွီဒင်နည်းပြအန်ဒါဆန်ကို မိုဗစ်ကနေ ပြစ်တင်ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။

Photo Credit : Twitter

အသက်(၃၈)နှစ်အရွှယ်ရှိ တိုက်စစ်မှူးကြီး အီဗရာဟီမိုဗစ်ဟာ ဆွီဒင်လက်ရွေးစင်အသင်းကနေ အနားယူထားခဲ့ပေမယ့်လည်း သူရဲ့ဘောလုံးသမားဘဝကိုတော့ အဆုံးသတ်သွားဖို့ အစီအစဉ်မရှိသေးပဲ လက်ရှိမှာ သူရဲ့ကလပ်အသင်းဖြစ်နေတဲ့ အေစီမီလန်အသင်းနဲ့လည်း တစ်နှစ်သက်တမ်းတိုးထားခဲ့ပါတယ်။ နိုင်ငံအသင်းကနေ အနားယူထားခဲ့ပေမယ့်လည်း နိုင်ငံအသင်းရဲ့ပွဲစဉ်တွေကို စောင့်ကြည့်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ UEFA Nations League ပွဲစဉ်မှာလည်း မိုဗစ်ရဲ့ဆွီဒင်က ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး တစ်ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့ပါတယ်။

Photo Credit : Goal

ဒီပွဲစဉ်အတွင်းမှာ ဆွီဒင်အသင်းရဲ့နည်းပြဖြစ်သူ ယာနန်အန်ဒါဆန်က အသင်းရဲ့လူစာရင်းအတွင်း ကြယ်ပွင့်ကစားသမား ကူလူဆက်စကီးကို နေရာမပေးခဲ့ပဲ အသက်(၃၅)နှစ်အရွှယ်ရှိ ဝါရင့်ကစားသမား ဆီဘက်စတီယန်လာဆင်ကို အသုံးပြုလာခဲ့ကာ ပွဲပြီးဖို့ မိနစ်(၂၀)လောက်အလိုလောက်မှာ ကူလူဆက်စကီးနဲ့ လူစားလဲခဲ့ပါတယ်။ ကူလူဆက်စကီးဆိုတာ ဂျုဗင်တပ်စ်အသင်းရဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ပါးမားအသင်းမှာ အငှားနဲ့ကစားနေခဲ့ကာ စီးရီးအေပွဲပေါင်း (၃၆)ပွဲအထိ ပါဝင်ကစားထားခဲ့သူဖြစ်သလို စီးရီးအေသွင်းဂိုး(၁၀)ဂိုးအထိ သွင်းယူထားခဲ့သူဖြစ်ပါတယ်။ ဒီလို ခြေစွမ်းခြေစရှိတဲ့ ကစားသမားမျိုးကို ဒုတိယပိုင်းကျမှ နေရာပေးခဲ့တဲ့ နည်းပြအန်ဒါဆန်ကို ဆွီဒင်ကစားသမားဟောင်းကြီးမိုဗစ်က ပြင်းပြင်းထန်ထန်ကို ဝေဖန်သွားခဲ့ပါတယ်။ မိုဗစ်က သူရဲ့တွစ်တာပေါ်ကနေ “ဘယ်လောက်ကို သောက်ခွက်ပြောင်တဲ့ ဟာသတစ်ခုလဲ။ ထပ်ပြီးသက်သေပြလာပြန်ပြီ။ အရည်အချင်းမပြည့်ဝတဲ့သူတွေက နေရာမှားပြီး ရှိနေကြလို့ ဆွီဒင်ဘောလုံးကို တော်တော်ဒုက္ခတွေ့စေတယ်” လို့ ဝေဖန်ရေးသားသွားခဲ့ပါတယ်။