ဂျာမန် ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အသင်းကြီး တစ်သင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းကတော့ သူတို့ အသင်းရဲ့ အဓိက ညာတောင်ပံ တိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့အတွက် ကြိုးစားနေတဲ့ ပရီးမီးယားလိဂ် ထိပ်သီးအသင်း ဖြစ်တဲ့ မန်ယူအသင်းကို ဆန်ချိုအား လျှော့စျေးနဲ့ ဝယ်ယူဖို့အတွက် မစဉ်းစားထားသင့်ဘူးလို့ သတိပေးစကား ဆိုသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ အားနည်းနေတဲ့ ညာတောင်ပံ အခန်းကဏ္ဍကို မြှင့်တင်လိုတာကြောင့် အင်္ဂလန်သားတစ်ဦး ဖြစ်တဲ့အပြင် ဒေါ့မွန်အသင်းမှာလည်း ကမ္ဘာ့အဆင့် ခြေစွမ်းမျိုးကို ပြသထားနိုင်ခဲ့တဲ့ ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားလာတာဟာ အတော်လေးကို ကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။

Photo Credit: Express

အသက်၂၀အရွယ်သာ ရှိသေးတဲ့ ဆန်ချိုဟာ လက်ရှိ ဘောလုံးရာသီမှာ ဆိုရင် ဘွန်ဒက်လီဂါ ပွဲစဉ် ၃၂ပွဲ ပါဝင် ကစားပေးထားရာမှာ ၁၇ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ၁၆ဂိုးအထိ ဖန်တီးပေးထားနိုင်သူ တစ်ဦးပါ။ ဒါ့ကြောင့်လည်း မန်ယူ အသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့အတွက် ကြိုးစားနေတာ ဖြစ်ပြီး လက်ရှိအချိန်မှာ ကမ္ဘာ တစ်ဝှမ်းကို ပျံ့နှံ့ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ် ကြောင့် ဘောလုံးအသင်းတွေနဲ့ ဝင်ငွေတွေ လျော့နည်းလာတဲ့ အခြေအနေပေါ် မူတည်ပြီး ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် သတ်မှတ် ထားတဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချပေးဖို့လည်း မျှော်လင့်လို့ နေပါတယ်။ လက်ရှိမှာတော့ ဆန်ချိုရဲ့ အပြောင်းအရွှေ့အပေါ် ဒေါ့မွန်အသင်းရဲ့ စီးအီးအိုဖြစ်သူ ဝက်စ်ကီက ပွင့်ပွင့်လင်းလင်းပဲ ဒေါ့မွန်အသင်းရဲ့ သဘောထားကို ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

ဂျာမန် အခြေစိုက် ဘောလုံးသတင်းဌာန တစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဝက်စ်ကီ ဟာ ဆန်ချိုကို အသင်းမှာ ဆက်လက် ထိန်းထားဖို့ မလွယ်ကူကြောင်းကို ဝန်ခံသွားခဲ့သလို အသင်းဘက်ကလည်း ဆန်ချိုကို သတ်မှတ် တန်ကြေးနဲ့သာ ရောင်းချသွားမှာ ဖြစ်တယ်လို့ မန်ယူအသင်းကို သတိပေးခဲ့ပါတယ်။ ဝက်စ်ကီ က ” ဂျေဒန်ဆန်ချိုအတွက် ကိုရိုနာလျှော့စျေး ဆိုပြီး ရှိလာမှာ မဟုတ်ပါဘူး။ တကယ်လို့ ကစားသမားကလည်း အသင်းပြောင်းချင်နေကြောင်း ကျွန်တော်တို့ကို ဆက်သွယ်လာသလို တခြားအသင်းဘက်ကလည်း ဆန်ချိုအတွက် ကျွန်တော်တို့ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်တယ်ဆိုရင် အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးရုံပါပဲ ” လို့ ရှင်းပြ ဆွေးနွေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ပြောင်းရွှေ့ကြေး ပေါင်၁၀၀သန်း ဝန်းကျင်နဲ့ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပြီး မန်ယူအသင်းဘက်ကတော့ ပြောင်းရွှေ့ကြေး ပေါင်၈၀သန်း ဝန်းကျင်သာ ပေးချေလိုနေတယ် လို့ သိရပါတယ်။