လတ်တလော ဘောလုံးသမားအပြောင်းအရွှေ့သတင်းတွေများစွာရဲ့ နေရာယူထားသလို ဥရောပထိပ်သီး ကလပ်အသင်းတွေဖြစ်တဲ့ လီဗာပူးလ် ချယ်လ်ဆီး ဝုလ်ဗ် အဲဗာတန်အသင်းတွေရဲ့ စိတ်ဝင်တစား ပစ်မှတ်ထားခြင်းကို ခံနေရတဲ့ ရှော်ကေးအသင်း အမေရိကန် ကွင်းလယ်ကစားသမားလေး ဝက်စတန်မက်ကန်နီဟာ လက်ရှိမှာ သူရဲ့ရှော်ကေးအသင်းကနေ စွန့်ခွာပြီး သူရဲ့ကစားသမားဘဝကို တစ်ဆင့်မြင့်တတ်စေနိုင်ဖို့အတွက် ကလပ်အသင်းကြီးတစ်သင်းဆီ ပြောင်းရွှေ့ကစားဖွယ် ရှိနေပါတယ်။

Photo Credit : Goal

အသက်(၂၁)နှစ်အရွှယ်သာရှိသေးတဲ့ ဝက်စတန်မက်ကန်နီဟာ ၂၀၁၆ခုနှစ်ကမှ အမေရိကန် ဒါးလက်စ်အကယ်ဒမီကနေ ရှော်ကေးလူငယ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ရှော်ကေး ယူ-၁၇အသင်းနဲ့ တစ်နှစ်တာ ဖြတ်သန်းခဲ့ပြီးနောက်မှာပဲ ရှော်ကေးစီနီယာအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ကာ ဒီရာသီမှာလည်း ဘွန်ဒစ်လီဂါ ပွဲစဉ်(၂၈)အပြင် ပြိုင်ပွဲစုံ(၃၂)အထိ ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။ မက်ကန်နီဟာ သူရဲ့အမေရိကန် လက်ရွေးစင်အသင်းအတွက်ကိုလည်း ၂၀၁၇ခုနှစ်ကနေစတင်ပြီး (၁၉)ဂိုးအထိ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၆)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : SBI Soccer

ကွင်းလယ်ပိုင်းမှာ ကစားတတ်သူဖြစ်တဲ့ မက်ကန်နီဟာ ကွင်းလယ်တိုက်စစ်ပိုင်း ကွင်းလယ်ခံစစ်ပိုင်းမှာပါ နေရာစုံ ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်သူလည်း ဖြစ်နေပါတယ်။ ၂၀၁၇ခုနှစ် စက်တင်ဘာလမှာပဲ မက်ကန်နီဟာ ရှော်ကေးအသင်းနဲ့ (၅)နှစ်စာချုပ်အထိ ချုပ်ဆိုခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာပဲ သူရဲ့ပထမဆုံး ဘွန်ဒစ်လီဂါရာသီကို စတင်နိုင်ခဲ့ကာ ခြေစွမ်းတွေကိုလည်း ထုတ်ဖော်ပြသသွားနိုင်ခဲ့ပါတယ်။ မက်ကန်နီဟာ ဘောလုံးပေးပို့မှု ကောင်းမွန်တဲ့ ကစားသမားဖြစ်သလို အဝေးကန်ချက်တွေကနေလည်း သွင်းဂိုးရယူနိုင်သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီကစားသမားလေးကို ဘွန်ဒစ်လီဂါ ကလပ်အသင်းတစ်သင်ဖြစ်တဲ့ ဟာသာဘာလင်အပါအဝင် ပရီးမီးယားလိဂ် ထိပ်သီးအသင်း(၂)သင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ကနေ ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ရှော်ကေးအသင်းဘက်ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အသင်းကနေ ရောင်းချဖို့ ဆန္ဒမရှိပဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်နေပါတယ်။ ဒါပေမယ့် မက်ကန်နီရဲ့တန်ကြေးက ယူရိုသန်း(၂၀)လောက်သာ ရှိနေတဲ့အပြင် ရှော်ကေးအသင်းကလည်း လာမယ့်နှစ်မှာ ဥရောပဝင်ခွင့် လွဲချော်တာကြောင့် မက်ကန်နီကို အသင်းမှာ ဆက်ထိန်းဖို့ခက်ခဲနိုင်ပါတယ်။