ဝက်စ်ဟမ်းအသင်းကတော့ မနေ့ညက လူတန်တောင်းအသင်းကို အနိုင်ရလိုက်တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် တာထွက်မှာ (၄)ပွဲကစား (၃)ပွဲနိုင် (၁)ပွဲသရေ ရှုံးပွဲမရှိ ရမှတ် (၁၀)မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွင် ယာယီ ရပ်တည်ထားနိုင်ပါတယ်။
ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဘုန်းမောက်အသင်းနဲ့ တစ်ဂိုးစီ သရေကျပြီးနောက်ပိုင်းကတည်းက တောက်လျှောက် ရလဒ်ကောင်းထားတဲ့ ဝက်စ်ဟမ်းဟာ ချယ်လ်ဆီး ဘရိုက်တန်တို့လို အသင်းတွေကိုတောင် အနိုင်ယူခဲ့ပြီး လူတန်ကိုလည်း မနေ့ညကပဲ အနိုင်ယူခဲ့ပါတယ်။
Photo Credit : Sky Sports
ဝက်စ်ဟမ်းက ဒီနွေမှာ သူတို့ရဲ့ အသင်းခေါင်းဆောင် ဒက်ကလန်ရိုက်စ်ကို ကလပ်စံချိန်တင် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးတို့နဲ့ လက်လွတ်ထားခဲ့ပါတယ်။ ရိုက်စ်ဆိုတာ ဝက်စ်ဟမ်းအတွက် အဓိကအကျဆုံး ကစားသမားဖြစ်ပြီး သူရဲ့ ဦးဆောင်မှုကြောင့်ပဲ ဝက်စ်ဟမ်းအသင်းက အနှစ်နှစ် အလလ ဝေးကွာနေရတဲ့ ဆုဖလား အောင်မြင်မှုကို ပြန်လည် ရရှိခဲ့တာဖြစ်ပြီး မနှစ်ကပဲ ကွန်းဖရန့်စ်လိဂ်မှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ရိုက်စ် ထွက်ခွာသွားချိန် သူ့နေရာကို အစားပြန်ဝင်လာတဲ့ ဂျိမ်းစ်ဝက်ပရောက်က ဝက်စ်ဟမ်းမှာ ချက်ချင်း အံ့ဝင်ခဲ့ပြီး ချယ်လ်ဆီးနဲ့ပွဲကနေ စတင်ကာ (၃)ပွဲဆက်တိုက် ဂိုးပါဝင် ပတ်သက်မှုတွေ လုပ်ဆောင်နိုင်ခဲ့တဲ့အထိ ခြေစွမ်းကောင်းတွေ ပြသထားခဲ့ပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းက အေဂျက်က ကူဒက်စ် အယ်လ်ဗာရက်ဇ် နဲ့ ဂန်းနားတပ်သားဟောင်း မာဗရိုပါနော့စ်တို့ကို အားဖြည့်ထားခဲ့ပါသေးတယ်။
Photo Credit : TNT Sports
ဒီလို အခြေအနေကောင်းတွေမှာ ရှိနေတဲ့ ဝက်စ်ဟမ်းက န်ိုင်ငံတကာ ရက်သတ္တပတ်အပြီးမှာပဲ သူတို့ ပြန်လည် ရင်ဆိုင်ရမယ့် အသင်းက မန်စီးတီး ဖြစ်နေပါတယ်။ အိုလံပစ်ကွင်းမှာ Treble Champions အသင်းကို ဘယ်လို ဧည့်ခံ ကစားသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။
စီးတီးကို ရင်ဆိုင်ပြီးတာနဲ့ ကြားရက်မှာ ယူရိုပါလိဂ် ကစားရပါမယ်။ အဲ့ဒီပွဲကတော့ ဝက်စ်ဟမ်းအတွက် အဆင်ပြေနိုင်တယ် ဆိုပေမယ့်လည်း အဲ့ဒီပွဲအပြီး အန်ဖီးလ်မှာ အိမ်ရှင်လီဗာပူးလ်အသင်းကို ရင်ဆိုင် ယှဉ်ပြိုင်ရပါမယ်။ ဒါကြောင့် ဝက်စ်ဟမ်းဟာ International Break ပြီးသွားတာနဲ့ အရည်အချင်းစစ် စားမေးပွဲ (၂)ပွဲကို ခက်ခက်ခဲခဲ ဖြေဆိုသွားရပါတော့မယ်။