အင်္ဂလန် ပရီးမီးယားလိဂ် အသင်း တစ်သင်း ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းဟာ သူတို့အသင်းရဲ့ အင်္ဂလန် ကွင်းလယ် ကစားသမား ဝီလ်ရှိုင်းယား ကို စာချုပ် ဖျက်သိမ်းလိုက်ကြောင်း အင်္ဂလန် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရှိ ရပါတယ်။ အသက် ၂၈နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင်ဟောင်း ဝီလ်ရှိုင်းယား ဟာ တစ်ချိန်က ပရီးမီးယားလိဂ်ရဲ့ အထွန်းတောက်ဆုံး လူငယ်ကွင်းလယ် ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပြီး စပိန် လာလီဂါကလပ် ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ နှစ်ဦးဖြစ်တဲ့ အင်နီယေစတာ ၊ ဇာဗီတို့ရဲ့ ချီးကျူးမှုတွေကိုတောင် ခံခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: ESPN

ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့အာဆင်နယ်အသင်းနဲ့အတူ လူငယ် ကစားသမား ဘဝမှာပဲ စတင် တောက်ပခဲ့တဲ့ ဝီလ်ရှိုင်းယားဟာ ပင်ကိုယ်ခြေစွမ်း အလွန်ကောင်းသူ တစ်ဦး ဖြစ်ပြီး အနာဂတ်မှာ အင်္ဂလန်အသင်းရဲ့ ကွင်းလယ် ဗိုလ်ချုပ် ဖြစ်လာမယ့်သူအဖြစ် အားလုံးက ထင်မှတ် ထားကြပေမယ့် များပြားလှတဲ့ ဒဏ်ရာတွေကြောင့် ဝီလ်ရှိုင်းယားရဲ့ ကစားသမားဘဝ ဟာ ထင်မှတ်ထားသလို တောက်ပလာခဲ့ခြင်း မရှိပါဘူး။ ဝီလ်ရှိုင်းယားဟာ အာဆင်နယ်အသင်းမှာ စတင် ကစားခွင့်ရခဲ့တဲ့ ရာသီတွေမှာ အသင်းရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး အသင်းရဲ့ ပွဲစဉ်တိုင်းမှာ ပါဝင် ကစားခဲ့ရပါတယ်။

Photo Credit: ESPN

အသက် ၂၀ အရွယ်တောင် မပြည့်သေးတဲ့ ကစားသမား တစ်ဦးကို ပရီးမီးယားလိဂ်လို ယှဉ်ပြိုင်မှု ကြမ်းတမ်းတဲ့ ပြိုင်ပွဲတစ်ခုမှာ ပွဲစဉ်တိုင်းနီးပါး ထည့်သွင်း ကစားခဲ့တာဟာ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးရဲ့ အမှားကြီးတွေထဲက တစ်ခုအဖြစ် လက်ရှိ ဘောလုံးသုတေသီတွေက သုံးသပ် ထားကြပြီး လက်ရှိမှာတော့ ဝင်းဂါးရဲ့ အမှားတွေ ၊ နုနယ်တဲ့ ကစားသမားဘဝမှာ ရရှိခဲ့တဲ့ ဒဏ်ရာများစွာကြောင့် ဝီလ်ရှိုင်းယားဟာ သူ့ရဲ့ ကစားသမားဘဝကို စွန့်လွှတ်ရမယ့် ပုံစံ ရှိနေပါတယ်။ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ ဝက်စ်ဟမ်းအသင်းဟာ ယနေ့မနက်မှာပဲ တစ်ပတ်လုပ်ခ ပေါင် ၁သိန်းတန်တဲ့ ဝီလ်ရှိုင်းယားရဲ့ စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းလိုက်ပြီး ဝီလ်ရှိုင်းယားဟာ လက်ရှိမှာတော့ အသင်းလက်မဲ့ ကစားသမား တစ်ဦး ဖြစ်သွားခဲ့ကြောင်း သိရပါတယ်။ ဝီလ်ရှိုင်းယားဟာ ဝက်စ်ဟမ်းအသင်းထံကို ရောက်ရှိခဲ့တဲ့ ၃နှစ် အတွင်းမှာ စုစုပေါင်း ၂၁ပွဲသာ ပါ​ဝင် ကစားပေးနိုင်ခဲ့တာကြောင့် လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်း ရှိမနေပဲ EFL ကလပ် တချို့ကသာ လေ့ကျင့်ခန်း လာဆင်းဖို့ ဝီလ်ရှိုင်းယားကို ကမ်းလှမ်း ထားကြပါတယ်။