ချယ်လ်ဆီးအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာပဲ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားဟောင်းဖြစ်သူ ဒက်ကလန်ရိုက်စ်ကို ဝက်စ်ဟမ်းအသင်းကနေ ပြန်လည် ခေါ်ယူသွားနိုင်ဖွယ် ရှိနေတယ်လို့ ဗြိတိန်ရဲ့ နာမည်ကြီး သတင်းမီဒီယာ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football365

ဝက်စ်ဟမ်းအတွက်ရော အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ပါ အားထားရတဲ့ ကွင်းလယ်လူ ရိုက်စ်ဟာ အသက်(၇)နှစ်သားအရွယ်မှာပဲ ချယ်လ်ဆီးဘောလုံးအသင်းရဲ့ လူငယ်အကယ်ဒမီမှာ ဘောလုံးပညာရပ်တွေ သင်ယူရင်းနဲ့ အသက်(၁၄)နှစ်မှာတော့ ဝက်စ်ဟမ်းအကယ်ဒမီကို ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ၂၀၁၇ခုနှစ်ကနေ စတင်ပြီး ဝက်စ်ဟမ်း စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိလာခဲ့တဲ့ ရိုက်စ်ဟာ အခုဆိုရင်တော့ ဝက်စ်ဟမ်းရဲ့ key player အသင်းခေါင်းဆောင်တစ်ယောက် ဖြစ်နေတဲ့အပြင် ပရီးမီးယားလိဂ်က ကလပ်အသင်းကြီးတိုင်း အလိုရှိနေတဲ့ ကစားသမားတစ်ဦး ဖြစ်နေရပါတယ်။

Photo Credit : TEAMtalk

မန်စီးတီး မန်ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ရတဲ့ ရိုက်စ်ကို ဝက်စ်ဟမ်းဘက်က လုံးဝ လက်မလွတ်နိုင်တာကြောင့် ရိုက်စ်ရဲ့ လက်ရှိတန်ကြေးထက်ကို ပိုမို တန်ကြေးမျိုးအထိ သတ်မှတ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ အင်္ဂလန်လက်ရွေးစင် ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်သက်တမ်း (၁၆)လခန့်သာ ကျန်ရှိနေတော့ပြီး ဝက်စ်ဟမ်းဘက်ကလည်း သူတို့ ကစားသမားအတွက် စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ရိုက်စ်က လက်မခံပဲ အသင်းက ထွက်ခွာဖို့သာ စီစဉ်လာခဲ့ပါတယ်။ ဝက်စ်ဟမ်းအနေနဲ့ကလည်း ရိုက်စ်ကို အသင်းမှာ ဆက်ထိန်းထားဖို့ မလွယ်ကူတော့တာကြောင့် လာမယ့်နွေမှာ ရောင်းထုတ်သွားရဖို့ ရှိနေပြီး ဒီလို အခြေအနေမျိုး ရှိနေတဲ့ ရိုက်စ်ကိုလည်း သူ့အသင်းဟောင်း ချယ်လ်ဆီးက ခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေရပါတယ်။ ချယ်လ်ဆီးဟာ လာမယ့်နှစ်နွေမှာ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဂျော်ဂျင်ဟိုနဲ့ အန်ဂိုလိုကန်တေတို့ကို free transfer နဲ့ လက်လွတ်ရတော့မှာဖြစ်လို့ ဒီကစားသမားတွေ နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ဒက်ကလန်ရိုက်စ်လို အရည်အသွေးမြင့် ကွင်းလယ်လူကို ခေါ်ယူဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။