ဝက်စ်ဟမ်းအသင်းကတော့ လာမယ့်နွေမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားနဲ့ ကွင်းလယ်ကစားသမား စကော့ မက်တွမ်မီနေးတို့ကို ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်းသွားဦးမယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းက ဒီရာသီမှာ အသင်းရဲ့ အဓိက ကစားသမား ဒက်ကလန်ရိုက်စ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ အာဆင်နယ်အသင်းဆီ ရောင်းချခဲ့ပြီးနောက်မှာ ကစားသမားသစ်တွေ အများအပြား ပြန်လည် အားဖြည့်ဖို့ ပြင်ဆင်ခဲ့ပြီး အဲ့ဒီထဲမှာ မက်ဂွိုင်းယားနဲ့ တွမ်မီနေးပါ ပါဝင်ခဲ့ပါတယ်။

Photo Credit : The Times

အင်္ဂလန် လက်ရွေးစင် နောက်ခံကစားသမား ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း မက်ဂွိုင်းယားဟာ ဝက်စ်ဟမ်းအသင်းဆီကို ရောက်ရှိလုနီးပါးအထိ ဖြစ်ခဲ့ပြီး here we go အခြေအနေအထိပါ ရောက်ခဲ့ရပေမယ့် မက်ဂွိုင်းယားနဲ့ ယူနိုက်တက်အသင်းတို့ကြား သဘောတူညီမှု မရရှိခဲ့လို့ အပြောင်းအရွှေ့က ပျက်သွားခဲ့ရပါတယ်။

မက်ဂွိုင်းယားကို မရလိုက်တဲ့ ဝက်စ်ဟမ်းက ကွင်းလယ်ပိုင်းအတွက်ကိုလည်း ယူနိုက်တက်ရဲ့ စကော့တလန် ကွင်းလယ်လူ တွမ်မီနေးကိုပါ ကြိုးပမ်းခဲ့သေးပေမယ့် ဝက်စ်ဟမ်း ကမ်းလှမ်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ ယူနိုက်တက် အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးတို့က ကွာဟနေခဲ့လို့ အပြောင်းအရွှေ့က ပေါ်ပေါက်မလာ ဖြစ်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် ဝက်စ်ဟမ်းက လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်မှာ သူတိုရဲ့ ပစ်မှတ်ဟောင်း မက်ဂွိုင်းယားနဲ့ တွမ်မီနေးတို့ကို ထပ်မံ ကြိုးပမ်းသွားဖို့ ရှိနေပြီး ကစားသမား (၂)ယောက်လုံးအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း(၉၀)လောက်အထိပါ အသုံးပြုသွားဖို့ ရှိနေပါတယ်။

ယူနိုက်တက်ကတော့ လာမယ့်နွေမှာ ခံစစ်ပိုင်းကို အပြောင်းအလဲ ကြီးကြီးမားမား လုပ်ဆောင်ဖို့ ရှိနေပြီး မက်ဂွိုင်းယား လင်ဒီလော့ဖ် ဗာရန်းတို့ထဲက (၂)ဦးလောက်အထိ ရောင်းချဖို့ ရှိနေပေမယ့် ဒီရာသီမှာ အသင်းအတွက် ဂိုးမြူးနေသလို စိတ်ဓါတ်အပြည့် ကစားပေးတက်တဲ့ တွမ်မီနေးကိုတော့ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားဖွယ် ရှိနေပါတယ်။