ဝက်စ်ဟမ်း ယူနိုက်တက်အသင်းဟာ ဒီရက်ပိုင်းအတွင်းမှာပဲ ကစားသမားသစ် (၃)ဦးကို ခေါ်ယူဖြည့်တင်းသွားဖို့အတွက် သဘောတူညီမှုတွေ အသီးသီး ရရှိခဲ့ပြီး Here We Go နိုင်ခဲ့ပါတယ်။
Photo Credit : Fabrizio Romano
ပထမဆုံး Here We Go ခဲ့တဲ့ ကစားသမားကတော့ လိဒ်စ်ယူနိုက်တက် တောင်ပံကစားသမား ဆမ်းမားဗေးလ်ပါ။ နယ်သာလန် ဘယ်တောင်ပံကစားသမားဟာ နွေဈေးကွက် အစပိုင်းလောက်က လီဗာပူးလ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သူဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာ ပရီးမီးယားလိဂ် အသင်းများစွာနဲ့ပါ သတင်းထွက်ခဲ့ပါသေးတယ်။ အခုတော့ ဆမ်းမားဗေးလ်ကို ဝက်စ်ဟမ်းက ခေါ်ယူနိုင်တော့မှာဖြစ်ပြီး လိုအပ်နေတဲ့ ဘယ်တောင်ပံနေရာအတွက် ဆမ်းမားဗေးလ်လို အသက် (၂၂)နှစ်သာ ရှိနေသေးတဲ့ ကစားသမားကောင်းတစ်ဦးကို ရရှိသွားပါတော့မယ်။
Photo Credit : Fabrizio Romano
နောက်ထပ် Here We Go ဖြစ်သွားတာကတော့ ကွင်းလယ်ကစားသမား ဂွီဒို ရိုဒရီဂွက်ဇ်ပါ။ ဘက်တစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ အာဂျင်တီးနား ကွင်းလယ်လူ ရိုဒရီဂွက်ဇ်က ဘာစီလိုနာအသင်းဆီ အလွတ်နဲ့ ရောက်သွားဖို့ နီးစပ်ခဲ့သေးပေမယ့် ဘာစီလိုနာမှာ နည်းပြအပြောင်းအလဲ ဖြစ်သွားပြီးနောက်ပိုင်း အပြောင်းအရွှေ့ပါ ပျက်သွားခဲ့ရပြီး အခုတော့ ဝက်စ်ဟမ်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ရပါတော့မယ်။ ဒီကနေ့မှာပဲ ဂွီဒို ရိုဒရီဂွက်ဇ်က ဝက်စ်ဟမ်းအသင်းမှာ ဆေးစစ်မှုတွေ ခံယူသွားရပါတော့မယ်။
Photo Credit : Fabrizio Romano
နောက်ဆုံး ဝက်စ်ဟမ်းနဲ့ Here We Go ဖြစ်သွားတာကတော့ ဒေါ့မွန် တိုက်စစ်မှူး ဖူးကရုချ်ပါ။ ဂျာမန်သားကြီးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒေါ့မွန်အတွက် အကောင်းဆုံး တောက်ပခဲ့သလို ယူရို-၂၀၂၄ မှာလည်း ဂျာမနီအသင်းအတွက် သွင်းဂိုးတွေပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဖူးကရုချ်အတွက်ကိုတော့ ဝက်စ်ဟမ်းက ပြောင်းရွှေ့ကြေး ယူရို (၂၇)သန်း + အပိုဆုကြေး ယူရို (၅)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ဒီကစားသမားလည်း ဂွီဒို ရိုဒရီဂွက်ဇ်လိုပဲ ကစားသမားဘဝအတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ စတင် ဖြတ်သန်းရပါတော့မယ်။