ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း အဖြစ် သတ်မှတ်ခံထားရသလို နောက်ပိုင်းနှစ်တွေမှာ ဥရောပဝင်ခွင့်တွေပါ ရရှိထားတဲ့ လန်ဒန်အခြေစိုက် ဝက်စ်ဟမ်းကတော့ လိဒ်ယူနိုက်တက်နဲ့အတူ တောက်ပနေတဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ညာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဝက်စ်ဟမ်းဟာ အဲဗာတန်နဲ့ မန်ယူတို့ရဲ့ နည်းပြဟောင်း ဒေးဗစ် မိုရက်ဇ်ကို နည်းပြချုပ် အဖြစ် ခန့်အပ်ခဲ့ပြီးနောက် မှန်ကန်တဲ့ လူခေါ်ယူမှုတွေနဲ့အတူ ပရီးမီးယားလိဂ်မှာ အသင်းကြီးတွေကို ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်တဲ့ အနေအထား အထိ ရောက်ရှိနေပါတယ်။

Photo Credit: Sky Sports

မိုရက်ဇ်ရဲ့ ဦးဆောင်မှု ၊ အဓိက ကစားသမားတွေ ဖြစ်တဲ့ အန်တိုနီယို ၊ ဘိုဝင် ၊ ဒီကလန်ရိုက်စ် ၊ အော့စ်ဘိုနာတို့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဝက်စ်ဟမ်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာ ဆိုရင်လည်း ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ချယ်လ်ဆီး ၊ မန်ယူ ၊ အာဆင်နယ် ၊ စပါး စတဲ့ အသင်းကြီးတွေနဲ့ အပြိုင်အဆိုင် ဖြစ်နေပါတယ်။

ဒါကြောင့်ပဲ ဝက်စ်ဟမ်းရဲ့ ဘုတ်အဖွဲ့က သူတို့အသင်းအနေနဲ့ အခြားအသင်းတွေကို ယှဉ်ပြိုင်နိုင်အောင် အရည်အသွေးမြင့် တောင်ပံကစားသမား တဦးကို ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ ခေါ်ယူဖို့ ကြိုးစားနေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံ ကစားသမား လင်ဂတ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် လိဒ်ယူနိုက်တက်နဲ့ တောက်ပနေတဲ့ ရာဖင်ညာကို ခေါ်ယူဖို့ ပြောင်းလဲ ပစ်မှတ်ထားလာပါတယ်။

Photo Credit: Sky Sports

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ညာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ရန်းနက်စ်ကနေ လိဒ်ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၈သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရောက်ရောက်ချင်းမှာပဲ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သလို လိဒ်ယူနိုက်တက်ရဲ့ မရှိမဖြစ် တိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံရတဲ့ အထိ အရည်အသွေးမြင့်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းဟာ ရာဖင်ညာကို ခေါ်ယူဖို့ အတွက် သူ့ရဲ့ အေးဂျင့်ထံ ချိတ်ဆက်မှုတွေ ပြုလုပ်ထားသလို တဖက်မှာလည်း လိဒ်ယူနိုက်တက်ဆီ စုံစမ်းမှုတွေ ပြုလုပ်နေကြောင်းနဲ့ လိဒ်ယူနိုက်တက်က ရာဖင်ညာကို မရောင်းချချင်ပေမယ့် ရာဖင်ညာကတော့ ဥရောပဝင်ခွင့် ရဖို့ အခွင့်အလမ်း များနေတဲ့ ဝက်စ်ဟမ်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။