ဒီနေ့ ဇူလိုင်လ(၁၁)ရက်နေ့ စနေနေ့ညနေ (၆)နာရီအချိန်မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၅)ရဲ့ အစောပိုင်းပွဲစဉ်နှစ်ပွဲဖြစ်တဲ့ ဝက်ဖိုဒ့်နဲ့နယူးကာဆဲလ်ပွဲ နောရစ်ချ်စီးတီးနဲ့ဝက်စ်ဟမ်းတို့ ပွဲစဉ်တွေကို တပြိုင်နက်တည်း ကျင်းပစေခဲ့ပြီး ဝက်ဖိုဒ့်နဲ့ နယူးကာဆဲလ်ပွဲမှာ အိမ်ရှင်ဝက်ဖိုဒ့်က (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့ကာ နောရစ်ချ်နဲ့ ဝက်စ်ဟမ်းပွဲမှာတော့ ဧည့်သည်ဝက်စ်ဟမ်းက (၄)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

တန်းဆင်းဇုန်အတွင်းက အသင်းတွေရဲ့ အားပြိုင်ပွဲဖြစ်တဲ့ နောရစ်ချ်နဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ပွဲမှာ ဝက်စ်ဟမ်းဘက်က အသင်းရဲ့အဓိကတိုက်စစ်ကစားသမား အန်တိုနီယိုရဲ့ စူပါဟက်ထရစ်သွင်းဂိုးနဲ့အတူ ဂိုးပြတ်အနိုင်ရခဲ့ပြီး နောရစ်ချ်ကတော့ ဒီရှံးပွဲကြောင့် ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပြီပဲဖြစ်ပါတယ်။ ဝက်စ်ဟမ်းအတွက် သွင်းဂိုးတွေကို အန်တိုနီယိုတစ်ဦးတည်းက (၁၁၊၄၅၊၅၄၊၇၄)မိနစ်တွေမှာ သွင်းယူခဲ့တာဖြစ်ကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဝက်ဖိုဒ့်အသင်းနဲ့ နယူးကာဆဲလ်အသင်းတို့ပွဲစဉ်ကလည်း တန်းမဆင်းရဖို့ အမှတ်လိုအပ်နေတဲ့ ဝက်ဖိုဒ့်ရဲ့ရုန်းအားတွေနဲ့ ပုံစံကောင်းတစ်ခုထိန်းထားနိုင်တဲ့ နယူးကာဆဲလ်ရဲ့တုန့်ပြန်ကစားအားတွေကြောင့် ပွဲကောင်းတစ်ပွဲ အသွင်ဆောင်ခဲ့ပြီး နယူးကာဆဲလ် ဒွိုက်ဂိုင်းလ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဝက်ဖိုဒ့်က ပင်နယ်တီကနေတစ်ဆင့် ဒီနေးက ပြန်လည်ချေပခဲ့ပါတယ်။ (၈၂)မိနစ်အရောက်မှာလည်း ဝက်ဖိုဒ့်တို့ ပင်နယ်တီထပ်ရခဲ့လို့ ဒီနေးကပဲ အနိုင်ဂိုးအဖြစ် ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။