ဘောလုံးပွဲတွေ ပြန်လည်စတင်ချိန်ကတည်းက နိုင်ပွဲတွေဆက်နေတဲ့ ချယ်လ်ဆီးအသင်းဟာ ဒီနေ့ညမှာတော့ သူတို့ရဲ့လန်ဒန်မြို့ခံအသင်းဖြစ်တဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၂) လန်ဒန်ဒါဘီပွဲစဉ်ကို ဆင်နွဲခဲ့ရပြီး ပွဲကအတော်လေးကို အကြိတ်အနယ်ရှိခဲ့ကာ အိမ်ရှင်ဝက်စ်ဟမ်းက (၃)ဂိုး (၂)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

ချယ်လ်ဆီးအသင်းက ၄-၃-၃ ကစားကွက်နဲ့အတူ ပူလီဆစ် အေဘရာဟမ် ဝီလီယံ ကန်တီ ကိုဗာဆစ် အက်စ်ပီလီကွယ်တာ ရူဒီဂါ ခရစ္စတန်ဆန် အလွန်ဆိုနဲ့ ကယ်ပါတို့ကို အသုံးပြုလာခဲ့ပြီး လာမယ့်ရာသီမှာ ဝတ်ဆင်သွားမယ့် ဒီဇိုင်းသစ်နဲ့ အိမ်ကွင်းဝတ်စုံကိုပါ ဝတ်ဆင်လာခဲ့ပါတယ်။ အိမ်ရှင်ဝက်စ်ဟမ်းကတော့ အန်တိုနီယို ဖော်နယ်စ် လန်ဇီနီ ဘိုဝင် ရိုက်စ် ဆူချက် အော့ဘွန်နာ ဒီအော့ ခရက်စ်ဝဲလ်စ် ဖရက်ဒရစ် ဖာဘီယန်စကီးတို့ ပါဝင်လာခဲ့ပါတယ်။ ပထမပိုင်းမှာ ချယ်လ်ဆီးတို့ ဖိအားပေးကစားခဲ့ပေမယ့် သွင်းဂိုးရဖို့ ရုန်းကန်နေခဲ့ရပြီး အေဘရာဟမ်ကလည်း ခြေမပေါ်ခဲ့ပါဘူး။ (၄၂)မိနစ်မှာ ဒီအော့က ပူလီဆစ်ကို ကစားပုံကြမ်းတမ်းမိရာကနေ ချယ်လ်ဆီးတို့ ပင်နယ်တီကန်ခွင့်ရခဲ့လို့ ဝီလီယံက ဂိုးသွင်းယူခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှာ ဆူချက်က ဝက်စ်ဟမ်းအတွက် ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ဒါတောင် ဆူချက်ရဲ့မိနစ်(၃၀)ကျော်က သွင်းယူခဲ့တဲ့ဂိုးက VAR နဲ့ ပြန်လည်ပယ်ဖျက်ခံခဲ့ရပါသေးတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ အိမ်ရှင်အသင်းဘက်ကနေ ထိုးဖောက်မှုတွေကို ခပ်စိတ်စိတ်လေး ပြုလုပ်လာခဲ့ပြီး (၅၁)မိနစ်မှာတော့ တိုက်စစ်မှူးအန်တိုနီယိုက ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုးကိုပါ သွင်းယူပေးခဲ့ပါတယ်။ ချေပဂိုးရော ဦးဆောင်ဂိုးပါ ပေးလိုက်ရပြီးနောက်မှာတော့ ချယ်လ်ဆီးအသင်းဟာ ကစားသမားအပြောင်းအလဲတွေနဲ့အတူ ကစားပုံပိုမိုကောင်းမွန်လာခဲ့ပြီး (၇၂)မိနစ်မှာပဲ ဝီလီယံရဲ့လှပတဲ့ဖရီးကစ်ကန်ချက်ကနေ ချေပဂိုးပြန်လည်ပိုင်ဆိုင်ခဲ့ပါတယ်။ အနိုင်ဂိုးရဖို့ ချယ်လ်ဆီးဘက်ကနေ ဖိအားပေးကစားနေခဲ့ရာ ပွဲပြီးခါနီး (၈၉)မိနစ်မှာ ကောင်တာပေါက်သွားခဲ့လို့ ဝက်စ်ဟမ်းတို့ ကောင်တာတိုက်စစ်နဲ့ ဟာမိုလန်ကိုက ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။