ယခုနှစ် ဘောလုံးရာသီမှာ နည်းပြမိုရက်စ်ရဲ့ ဦးဆောင်မှုနဲ့ အတူ ရလဒ်ကောင်းတွေ ရရှိနေတဲ့ ဝက်စ်ဟမ်းအသင်း ကတော့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အဲဗာတန် ဘယ်နောက်ခံလူ ဒစ်ဂ်နေးကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် စပိန်လက်ရွေးစင် ဘယ်နောက်ခံလူ ဒစ်ဂ်နေးဟာ ဘာစီလိုနာအသင်း ကနေ အဲဗာတန်အသင်းထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် လက်ရှိ အဲဗာတန်နည်းပြ ဘင်နီတက်ဇ်နဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အသင်းပြောင်းဖို့ တာစူနေသူ တဦးပါ။

Photo Credit: Mirror

ဒစ်ဂ်နေးဟာ အဲဗာတန် ကစားသမား ဘဝမှာ ပရီးမီးယားလိဂ် ပွဲစဉ်ပေါင်း ၁၁၃ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၈ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် အဲဗာတန်အသင်း ကနေ ထွက်ခွာမယ့် ဒစ်ဂ်နေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပါတယ်။

လက်ရှိမှာတော့ ဒူးဒဏ်ရာကြောင့် အဓိက ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို လက်လွှတ်ထားရတဲ့ ချယ်လ်ဆီးအသင်းက ဒစ်ဂ်နေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ခြေမှန်နေတဲ့ ဝက်စ်ဟမ်းအသင်းက ဒစ်ဂ်နေးကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်လာကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒစ်ဂ်နေးကို ခေါ်ယူဖို့ ချယ်လ်ဆီး ၊ ဝက်စ်ဟမ်းနဲ့ နယူးကာဆယ် အသင်းတို့က စိတ်ဝင်စားနေကြပေမယ့် ဝက်စ်ဟမ်းအသင်းက ဒစ်ဂ်နေးရဲ့ အေးဂျင့်ဖြစ်သူနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေသလို အဲဗာတန်အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ စကားပြောဆိုမှုတွေလည်း ပြုလုပ်ထားကြောင်း သိရပါတယ်။

အဲဗာတန်အသင်း ကတော့ နည်းပြ ဘင်နီတက်ဇ်နဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေတဲ့ ဒစ်ဂ်နေးကို ယခု ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး ဒစ်ဂ်နေး အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင် လိုချင်နေပါတယ်။