ပရီးမီးယားလိဂ် ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းက ယခု နွေဈေးကွက် အတွင်းမှာ သူတို့အသင်း ကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့သွားတဲ့ အဓိက ကွင်းလယ်လူ ဒီကလန်ရိုက်စ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ဂျူဗင်တပ် ကွင်းလယ်လူ ဇာကာရီယာကို ခေါ်ယူရန် ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဝက်စ်ဟမ်းက သူတို့ရဲ့ အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို မြို့ခံပြိုင်ဘက် အာဆင်နယ်ဆီ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၁၀၅သန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပြီး ဒီကလန်ရိုက်စ်ကို ရောင်းချပြီးနောက် ဝက်စ်ဟမ်းဟာ ရိုက်စ်ကို ရောင်းချရာ ကနေ ​ရလာတဲ့ ပိုက်ဆံတွေနဲ့ အနည်းဆုံး ကွင်းလယ်လူ ၂ဦး ခေါ်ယူဖို့ စဉ်းစားထားပါတယ်။

Photo Credit: Goal

ဝက်စ်ဟမ်းက ဖူလ်ဟမ် ကွင်းလယ်လူ ပယ်လ်ဟင်ဟာ ၊ ချယ်လ်ဆီးကွင်းလယ်လူ ဂါလက်ချာနဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ တော်မီနေးတိုကို့ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပယ်လ်ဟင်ဟာနဲ့ ဂါလက်ချာတို့က ဝက်စ်ဟမ်းဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့သလို မန်ချက်စတာ ယူနိုက်တက်ကလည်း တော်မီနေးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်းကျော် တောင်းဆိုနေတာကြောင့် အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ မအောင်မြင်ခဲ့ပါဘူး။

ဒါကြောင့်ပဲ ဝက်စ်ဟမ်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂျူဗင်တပ်ကနေ ချယ်လ်ဆီးဆီ တရာသီအငှားနဲ့ လာရောက် ကစားခဲ့တဲ့ ဆွစ်ဇာလန် ကွင်းလယ်လူ ဇာကာရီယာကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး ဝက်စ်ဟမ်းက ဇာကာရီယာ အတွက် ဂျူဗင်တပ်နဲ့ တရားဝင် ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ရှခီရာရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းရဲ့ တာဝန်ရှိသူတွေက ယခုတပတ်ထဲမှာပဲ ဂျူဗင်တပ်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဇာကာရီယာရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဖို့ စီစဉ်ထားပြီး ဝက်စ်ဟမ်းက ဇာကာရီယာကို အလွယ်တကူ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။

အသက် ၂၆နှစ် အရွယ် ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်လူ ဇာကာရီယာက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ၁၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂျူဗင်တပ်က သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိနေပါတယ်။