ပူပူနွေးနွေး ယူရိုပါ ကွန်းဖရန့်လိဂ် ချန်ပီယံ ဝက်စ်ဟမ်းက မြို့ခံပြိုင်ဘက် အာဆင်နယ်ရဲ့ သူတို့အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ် အတွက် ပထမဦးဆုံး ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချလိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဒုတိယနေရာနဲ့ ရာသီသိမ်းခဲ့တဲ့ အာဆင်နယ်က သူတို့အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင် ချာကာကို ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်ထံ ရောင်းချဖို့ သဘောတူခဲ့ပြီးနောက် ချာကာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ဆုံးဖြတ်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဒီကလန်ရိုက်စ်ကလည်း အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး အာဆင်နယ်ကသာ ဝက်စ်ဟမ်းနဲ့ သဘောတူညီမှု ရရှိခဲ့ရင် အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ အဆင်သင့် ပြင်ဆင်ထားပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်က ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ အတွက် ဝက်စ်ဟမ်းနဲ့ သဘောတူညီမှု ရရှိအောင် ကြိုးစားနေတာ ဖြစ်ပြီး အာဆင်နယ်က ဒီကလန်ရိုက်စ် အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း + အပိုဆုကြေး ပေါင် ၁၀သန်းနဲ့ ဝက်စ်ဟမ်းထံ စတင် ကမ်းလှမ်းခဲ့ပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းက အာဆင်နယ်ရဲ့ ကမ်းလှမ်းမှု ရောက်လာချိန်မှာ ချက်ချင်းပဲ ငြင်းဆန် ပယ်ချသွားခဲ့ပြီး သူတို့အသင်းက ဒီကလန်ရိုက်စ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း အထက် ကမ်းလှမ်းမှု ရောက်လာမှသာ ဒီကလန်ရိုက်စ်ကို ရောင်းချဖို့ စဉ်းစားမယ်လို့ အကြောင်းပြန်ခဲ့ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်က ဒီကလန်ရိုက်စ် အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေပြီး အာဆင်နယ်ရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုက ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၉၀သန်း + အပိုဆုကြေး ပေါင် ၁၀သန်း ဖြစ်ဖို့ များတယ်လို့ အာဆင်နယ်နဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။