အင်္ဂလန် ပရီးမီးယားလိဂ်အသင်းတွေ ဖြစ်တဲ့ နယူးကာဆယ်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဂျက်ဆီလင်ဂတ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်သလို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာခွင့် ရရှိထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Football 365

လင်ဂတ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား တဦး ဖြစ်ပေမယ့် အသင်းမှာ ဆက်နေရင် ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ မလွယ်ကူတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်း ဝန်းကျင် ရရှိရင် လင်ဂတ်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းတို့ဟာ လင်ဂတ်ကို ခေါ်ယူနိုင်ဖို့ အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီး နှစ်သင်းစလုံးက လင်ဂတ်ရဲ့ အေးဂျင့်နဲ့ အဆက်အသွယ် ရှိနေသလို မန်ချက်စတာ ယူနိုက်တက်အသင်းထံလည်း လင်ဂတ်ရဲ့ ပြောင်းရွှေ့ကြေး အတွက် ဆက်သွယ် စုံစမ်းထားကြကြောင်း သိရပါတယ်။

Photo Credit: Football 365

မကြာသေးမီကမှ ပိုင်ရှင် အပြောင်းအလဲ ဖြစ်ထားတဲ့ နယူးကာဆယ်အသင်းဟာ လင်ဂတ်ကို အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာမယ့်သူ အဖြစ် သတ်မှတ်ထားပြီး လင်ဂတ်အတွက် မန်ချက်စတာ ယူနိုက်တက်က လိုချင်နေတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ အသင့် ရှိနေသလို လင်ဂတ်ကိုလည်း တပတ်လုပ်ခ ပေါင် ၁သိန်း ဆိုတဲ့ ပမာဏနဲ့ ကမ်းလှမ်းထားကြောင်း Setty News သတင်းဌာနကလည်း ဖော်ပြထားပါတယ်။

ဒါပေမယ့် လင်ဂတ်ကတော့ သူ အငှားနဲ့ သွားရောက် ကစားဖူးတဲ့ ဝက်စ်ဟမ်းအသင်းထံ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေပြီး ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြဖြစ်သူ မိုရက်စ်ကလည်း လင်ဂတ်ကို ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုထားကြောင်း လင်ဂတ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။