ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက အသင်းရဲ့တိုက်စစ်ပိုင်းမှာ လူးဝစ်ဆွာရက်ဇ်နဲ့ ဒမ်ဘီလီတို့ ဒဏ်ရာအသီးသီး ရရှိနေခဲ့တဲ့အပြင် အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား ကားလက်စ်ပီရက်ဇ်မှာလည်း ရိုးမားအသင်းကို အငှားနဲ့ထွက်ခွာသွားခဲ့လို့ အသင်းတိုက်စစ်ပိုင်းမှာ လူအင်အားနည်းနေချိန် ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါရဲ့ အပြောင်းအရွှေ့ပေါ်လစီသစ်အရ ဒိန်းမတ်တိုက်စစ်မှူး မာတင်ဘရေ့ဝိတ်ကို လီဟာနက်စ်အသင်းကနေ ခေါ်ယူခဲ့ပြီး အသင်းနဲ့လည်း ခပ်မြန်မြန်အထိုင်ကျခဲ့ပေမယ့် သူ့ကို ဘာစီလိုနာဘက်ကနေ အသင်းမှာ ရေရှည်မထားချင်ပဲ လာမယ့်နွေမှာ အသင်းကနေ ရောင်းထုတ်ဖွယ်ရှိနေပါတယ်။

Photo Credit : GiveMeSport

အသက်(၂၈)နှစ်အရွှယ်ရှိ ဒိန်းမတ်တိုက်စစ်ကစားသမား ဘရေ့ဝိတ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကမှ လီဟာနက်စ်အသင်းကနေ ဘာစီလိုနာအသင်းဆီကို သူရဲ့စာချုပ်လျော်ကြေးပမာဏဖြစ်တဲ့ ယူရို(၁၈)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဘရေ့ဝိတ်ဟာ သူရဲ့အသင်းသစ် ဘာစီလိုနာအသင်းအတွက် လာလီဂါပွဲစဉ်(၃)ပွဲ ကစားပေးထားခဲ့ပြီး သူရဲ့ပွဲဦးထွက်မှာပဲ ဘာစီလိုနာပရိသတ်တွေ စိတ်ကျေနပ်မှုရအောင် ကစားနိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းကတော့ လာမယ့်ရာသီမှာ အင်တာမီလန်တိုက်စစ်မှူးမာတီနက်ဇ်နဲ့ အသင်းသားဟောင်းနေမာတို့ကို ခေါ်ယူဖွယ်ရှိနေတာကြောင့် ဘရေ့ဝိတ်ကို အသင်းကနေ ပြန်ရောင်းထုတ်ဖွယ်ရှိနေတာဖြစ်ပါတယ်။

Photo Credit : The Union Journal

တူးလော့စ် ဘော်ဒိုး မစ်ဒယ်ဘရော့တို့မှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဒီဒိန်းမတ်ကစားသမားကို လက်ရှိမှာတော့ ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းကနေ ခေါ်ယူဖို့အတွက် အထူးစိတ်ဝင်စားလျက်ရှိနေပြီး လာမယ့်နွေရာသီစျေးကွက်မှာ ကမ်းလှမ်းမှုတွေကို စတင်ပြုလုပ်ဖွယ်ရှိနေပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီအစမှာ ဘရာဇီးတိုက်စစ်ကစားသမား ဆီဘက်စတီယန်ဟယ်လာကို ဟော့ဖန်ဟိမ်းအသင်းကနေ ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူခဲ့ပေမယ့်လည်း ဟယ်လာက ဝက်စ်ဟမ်းအသင်းရဲ့တိုက်စစ်မှာ ပုံမှန်ခြေစွမ်းပြနိုင်ခြင်းမရှိပဲ ရုန်းကန်နေခဲ့ရသလို တခြားသောတိုက်စစ်မှူးတွေဖြစ်တဲ့ အန်တိုနီယို ဖီလစ်ပီအန်ဒါဆန်တို့မှာလည်း အသင်းတိုက်စစ်မှာ အားကိုးရခြင်း သိပ်မရှိလို့ ဘာစီလိုနာမှာ အနာဂတ်မရေမရာဖြစ်လို့နေတဲ့ ဘရေ့ဝိတ်ကို ခေါ်ယူအားဖြည့်ချင်နေတာဖြစ်ပါတယ်။