MySport Myanmar

လင်ဂတ်ကို free transfer နဲ့ ပြန်လည် ခေါ်ယူသွားနိုင်တော့မယ့် ဝက်စ်ဟမ်း

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားရတော့မယ့် အင်္ဂလန် ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ဟာ ယူနိုက်တက်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာဖြစ်ပြီး သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့လည်း အနီးစပ်ဆုံး အခြေအနေ ဖြစ်နေပြီလို့ သိရှိရပါတယ်။

Photo Credit : TEAMtalk

အသက်(၂၉)နှစ်အရွယ်ရှိ အင်္ဂလန်ကွင်းလယ်လူ လင်ဂတ်ဟာ အသက်(၇)နှစ်သား အရွယ်ကတည်းက ယူနိုက်တက် လူငယ်အကယ်ဒမီဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှသာ ယူနိုက်တက်စီနီယာအသင်းအတွက် ပါဝင်ကစားခွင့် စတင်ရရှိလာခဲ့တာ ဖြစ်ပါတယ်။ လက်စတာ ဘာမင်ဂမ် ဘရိုက်တန် ဒါဘီကောင်တီနဲ့ ဝက်စ်ဟမ်းအသင်းတွေမှာ အငှားနဲ့ သွားရောက်ကစားခဲ့ရတဲ့ လင်ဂတ်ဟာ ယူနိုက်တက်အသင်းအတွက်ကိုလည်း စုစုပေါင်း (၂၃၂)ပွဲအထိကို ပါဝင်ကစားပေးနိုင်ခဲ့ပြီး အသင်းနဲ့လည်း ယူရိုပါလိဂ်ဖလား အက်အေဖလား လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : Sky Sports

လက်ရှိမှာတော့ လင်ဂတ်ဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးရတော့မှာဖြစ်ပြီး သက်တမ်းလည်း မတိုးတော့တာဖြစ်လို့ သူ့စိတ်ကြိုက် ကလပ်အသင်း တစ်ခုခုကို စိတ်တိုင်းကျ ရွေးချယ်နိုင်တာ ဖြစ်ပါတယ်။ လင်ဂတ်လို အတွေ့အကြုံကောင်းတွေ များစွာပိုင်ဆိုင်ထားတဲ့ ကစားသမားကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် စီးရီးအေနဲ့ လာလီဂါ ကလပ်အသင်းတွေကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် Daily Mail သတင်းမီဒီယာရဲ့ ဖော်ပြချက်အရတော့ ဝက်စ်ဟမ်းက လင်ဂတ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေတယ်လို့ ဖော်ပြထားပြီး ဝက်စ်ဟမ်းကလည်း သူတို့အသင်းမှာ (၆)လအငှားနဲ့ လာရောက်ကစားခဲ့ဖူးပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ လင်ဂတ်ကို အရခေါ်ယူချင်နေပါတယ်။ လင်ဂတ်ဟာ ၂၀၂၁ခုနှစ် ဇန်နဝါရီဈေးကွက်အတွင်းမှာ ဝက်စ်ဟမ်းအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ် (၁၆)ပွဲ ပါဝင်ကစားပေးရင်း (၉)ဂိုး သွင်းယူပေးနိုင်ခဲ့သလို အသင်းကိုလည်း ယူရိုပါလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဝက်စ်ဟမ်းက လင်ဂတ်ကို အလိုရှိနေတာဖြစ်ပြီး လင်ဂတ်ကိုယ်တိုင်ကလည်း သူရဲ့အောင်မြေဖြစ်တဲ့ လန်ဒန်မြေဆီ ထပ်မံခြေချလာဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Exit mobile version