ဝက်စ်ဟမ်းအသင်းကတော့ အသင်း တိုက်စစ်ပိုင်းအတွက် ဆီဗီလာအသင်းရဲ့ မော်ရိုကို တိုက်စစ် ကစားသမား ယိုဆက် အန်နက်ဆီရီကိုပါ ပစ်မှတ်ထားနေပြီး ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းက တိုက်စစ်မှူး ဂျန်လူကာ ဆကာမာကာကို အတ္တလန်တာအသင်းဆီ ရောင်းချလိုက်ပြီးနောက် တိုက်စစ်ပိုင်းကို ပြန်လည် ဖြည့်တင်းဖို့ လိုအပ်လာခဲ့တာကြောင့် နေရာစုံ ကစားတတ်တဲ့ အေဂျက်စ် ကစားသမား မိုဟာမက် ကူဒက်စ်ကို ပစ်မှတ်ထားလာခဲ့သလို အန်နက်ဆီရီကိုလည်း ခေါ်ယူချင်လာခဲ့ပါတယ်။
Photo Credit : Livescore
ဂါနာကြယ်ပွင့် ကူဒက်စ်ကို ဝက်စ်ဟမ်းအသင်းက ဦးစားပေး ပစ်မှတ်ထားနေတာဖြစ်ပြီး ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှုလည်း လုပ်ဆောင်ထားခဲ့ပေမယ့်လည်း အေဂျက်စ်ဘက်က ပယ်ချထားခဲ့လို့ ကူဒက်စ်ထက် အန်နက်ဆီရီကိုသာ ပိုမို အာရုံစိုက်လာခဲ့ပါတယ်။
အသက် (၂၆)နှစ်အရွယ် တိုက်စစ် ကစားသမား အန်နက်ဆီရီဟာ ဆီဗီလာအသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့် ဆီဗီလာက ဘဏ္ဍာရေး ပြသာနာတွေ ရှိနေတာကြောင့် အန်နက်ဆီရီကို သူတို့ အလိုရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့သာ ကမ်းလှမ်းမှု ရှိလာမယ်ဆိုရင်တော့ လက်လွတ်သွားနိုင်ခြေလည်း ရှိပါတယ်။
Photo Credit : Football Espana
ဘယ်ခြေအားသန်တဲ့ တိုက်စစ် ကစားသမား အန်နက်ဆီရီဟာ တိုက်စစ်မှူးအဖြစ်ရော ဘယ်ညာတောင်ပံ နှစ်ဖက်မှာပါ လိုက်ပါ ကစားတတ်သူလည်းဖြစ်ပြီး ဒီရာသီမှာလည်း ဆီဗီလာအသင်းအတွက် ပြိုင်ပွဲစုံ (၃)ပွဲ ကစားထားရင်း (၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ (၃)နှစ်ခန့်က လီဟာနက်စ်ကနေ ဆီဗီလာအသင်းဆီ ရောက်ရှိလာခဲ့တဲ့ အန်နက်ဆီရီဟာ လက်ရှိမှာ ဆီဗီလာအသင်းအတွက် ပြိုင်ပွဲစုံ (၁၅၇)ပွဲ ကစားထားခဲ့သလို သွင်းဂိုး စုစုပေါင်း (၅၇)ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖလားကိုလည်း (၂)ကြိမ် ရယူထားခဲ့ပါတယ်။