MySport Myanmar

စပါယ်ရှယ်ဝမ်း မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတဲ့ ဝက်စ်ဟမ်း

ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့ရဲ့ နည်းပြ ဒေးဗစ် မိုရက်စ်နဲ့ လမ်းခွဲဖြစ်ခဲ့ရင် ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ရဲ့ နည်းပြဟောင်း မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၆၀အရွယ် စကော့တလန်လူမျိုး နည်းပြချုပ် ဒေးဗစ် မိုရက်စ်က ၂၀၁၉ခုနှစ်မှ စတင်ကာ ဝက်စ်ဟမ်းကို တာဝန်ယူ ကိုင်တွယ်နေသူ ဖြစ်ပြီး သူနဲ့ ဝက်စ်ဟမ်းတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Team Talk

ဒေးဗစ် မိုရက်စ်ရဲ့ လက်အောက်မှာ ဝက်စ်ဟမ်းက ယူရိုပါ ကွန်းဖရန့်လိဂ်ရဲ့ ချန်ပီယံ ဖြစ်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်လာတဲ့ အထိ တိုးတက်လာခဲ့ပေမယ့် ဝက်စ်ဟမ်းရဲ့ တာဝန်ရှိသူတွေကတော့ အသင်းကို ယခုထက် ပိုကောင်းတဲ့အသင်း အဖြစ် မြင်ချင်နေတာကြောင့် မိုရက်စ်ကို စာချုပ်သစ် မချုပ်ပဲ အရည်အသွေးမြင့် နည်းပြသစ် တဦးကို ခေါ်ယူဖို့ စဉ်းစားထားပါတယ်။

တဖက်မှာတော့ အသက် ၆၁နှစ် အရွယ် ပေါ်တူဂီလူမျိုး ထိပ်သီးနည်းပြ မော်ရင်ဟိုက မကြာသေးမီကမှ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားကနေ ထုတ်ပယ်ခံထားရသူ ဖြစ်ပြီး မော်ရင်ဟိုက အသက် ၆၀ကျော် လာပေမယ့် အခုချိန်အထိ နည်းပြဘဝမှာ အောင်မြင်မှုတွေ ရယူဖို့ ဆာလောင်နေဆဲ ဖြစ်သလို ရာသီကုန်ချိန်မှာ အသင်းသစ် တသင်းဆီ ပြောင်းမယ်လို့လည်း တရားဝင် ထုတ်ပြောထားပါတယ်။

Photo Credit: West Ham News

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Team Talkရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းက ရာသီကုန်ချိန်မှာ ဒေးဗစ် မိုရက်စ်နဲ့ လမ်းခွဲပြီး မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေပြီး ဝက်စ်ဟမ်းရဲ့ တာဝန်ရှိသူ တချို့က မော်ရင်ဟိုရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ ဆွေးနွေးမှုတွေ စလုပ်နေကြောင်း သိရှိရပါတယ်။

မော်ရင်ဟိုက ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုကို ရရှိထားပေမယ့် ဝက်စ်ဟမ်းဆီ ပြောင်းဖို့ စိတ်မဝင်စားသေးပဲ သူ့အတွက် ရောက်ရှိလာမယ့် အခြား ကမ်းလှမ်းမှုတွေကို လက်ခံပြီးမှပဲ ဝက်စ်ဟမ်းဆီ ပြောင်းသင့် ၊ မပြောင်းသင့် စဉ်းစားသွားမှာ ဖြစ်ကြောင်း မော်ရင်ဟိုနဲ့ နီးစပ်တဲ့လူတွေက ပြောဆိုထားပါတယ်။

Exit mobile version