ယမန်နှစ် ဘောလုံးရာသီမှ စတင်ကာ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်းတွေကို ရင်ဘောင်တန်း ယှဉ်ပြိုင်လာနိုင်တဲ့ လန်ဒန်မြို့ခံကလပ် ဝက်စ်ဟမ်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ကြိုးပမ်းဖို့ အတွက် ဘင်ဖီကာ တိုက်စစ်မှူး နူနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ဝက်စ်ဟမ်းဟာ အဲဗာတန်နဲ့ မန်ယူ နည်းပြဟောင်း ဒေးဗစ် မိုရက်ဇ်ကို အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ပြီးနောက် ယမန်နှစ် ဘောလုံးရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်ကို ရရှိခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် အတွက် မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီး ၊ စပါး ၊ အာဆင်နယ် စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်နေရပါတယ်။
Photo Credit: Daily Mail
ဒါကြောင့်ပဲ ဝက်စ်ဟမ်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားမြှင့်တင်ဖို့ အတွက် ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ အဓိက ပစ်မှတ်ထား ကြိုးပမ်းနေပြီး ဘင်ဖီကာနဲ့အတူ တောက်ပနေတဲ့ ကြယ်ပွင့် တိုက်စစ်မှူး နူနက်ဇ်က သူတို့ရဲ့ ထိပ်သီးပစ်မှတ်တွေထဲက တဦးပဲ ဖြစ်ပါတယ်။
အသက် ၂၂နှစ် အရွယ် ဥရုဂွေး တိုက်စစ်မှူး နူနက်ဇ်ဟာ ၂၀၂၀ခုနှစ်ကမှ အယ်မေးရီးယား ကနေ ဘင်ဖီကာထံ ပြောင်းရွှေ့ကြေး ယူရို ၂၄သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဘင်ဖီကာထံ စတင် ရောက်ရှိချိန်ကတည်းက အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းပြနေသူပါ။
Photo Credit: Daily Mail
နူနက်ဇ်ဟာ ဘင်ဖီကာအတွက် ၂ရာသီ အတွင်းမှာ စုစုပေါင်း ၇၀ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၄ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၄ကြိမ် ပြုလုပ်နိုင်ခဲ့ကာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဝက်စ်ဟမ်း အပါအဝင် ဥရောပ နာမည်ကြီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားပါတယ်။
နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းဟာ လိဒ်ယူနိုက်တက် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ညာကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ မအောင်မြင်ခဲ့တာကြောင့် နူနက်ဇ်ကို ခေါ်ယူဖို့ ပြောင်းလဲ ပစ်မှတ်ထား ကြိုးပမ်းနေပြီး နူနက်ဇ်ကလည်း ဝက်စ်ဟမ်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ဘင်ဖီကာ ကတော့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး နူနက်ဇ်ကို လက်မလွှတ်ချင်ပေမယ့် ဝက်စ်ဟမ်းကသာ နူနက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းမယ် ဆိုပါက နူနက်ဇ်ကို ရောင်းချဖွယ် ရှိကြောင်း ဘင်ဇီကာနဲ့ နီးစပ်သူတွေက ဆိုပါတယ်။