ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် လန်ဒန်မြို့ အခြေစိုက် အသင်းတသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းဟာ ယခုနှစ် ဘောလုံးရာသီအစမှာ ရလဒ်ကောင်းတွေ ရယူထားနိုင်တာကြောင့် ရာသီအဆုံးသတ်မှာ ဥရောပဝင်ခွင့် ရရှိဖို့ အတွက် အသင်းကို အင်အားဖြည့်တင်းမှုတွေ ထပ်မံ ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့် ရရှိထားသလို လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာလည်း ၃ပွဲကစား ၂ပွဲနိုင် ၁ပွဲ သရေ ဆိုတဲ့ ရလဒ်နဲ့ အဆင့်၁နေရာကို ရရှိထားပါတယ်။ ဒါကြောင့်ပဲ ဝက်စ်ဟမ်းအသင်းရဲ့ တာဝန်ရှိသူတွေက အသင်းဟာ လာမယ့် ဘောလုံးရာသီမှာလည်း ယူရိုပါလိဂ်ဝင်ခွင့် ရရှိအောင် ဦးတည် ကြိုးစားနိုင်မယ်လို့ ယူဆနေကြတာပါ။

Photo Credit: Sky Sports

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းအသင်းဟာ ဥရောပဝင်ခွင့် ရဖို့ အတွက် အသင်းကို ထပ်မံ အင်အားဖြည့်တင်းချင်နေရာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းထံ ရာသီဝက်အငှားနဲ့ လာရောက် ကစားကာ ဥရောပဝင်ခွင့် ရရှိအောင် ကူညီပေးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား လင်ဂတ်ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပုံမှန်နေရာ ရရှိဖို့ ရုန်းကန်နေရသူ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ဝက်စ်ဟမ်းအသင်းထံ ရာသီဝက်အငှားနဲ့ သွားရောက် ကစားခဲ့ရာ ၁၆ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ဝက်စ်ဟမ်းအသင်းက သူ့ကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး လင်ဂတ်ကလည်း ဝက်စ်ဟမ်းအသင်းထံ ပြန်လည် ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကာ မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်းကျော် ရရှိရုံနဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။