ပရီးမီးယားလိဂ် အသင်းတစ်သင်း ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်း ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ရာသီဝက်အငှားနဲ့ ခေါ်ယူထားတဲ့ အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား ဂျက်ဆီလင်ဂတ်ကို ရာသီကုန်မှာ အပြီးသတ် ခေါ်ယူဖို့ အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေကို မကြာခင်မှာ တရားဝင် ပြုလုပ်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၈နှစ် အရွယ် ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီဝက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ပွဲကစားခွင့် မိနစ်အနည်းငယ်သာ ရခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းထံ ရောက်ရှိပြီးချိန်မှာတော့ အသင်းအတွက် ပွဲဦးထွက်မှာတင် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့သလို လက်ရှိမှာလည်း အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်နေပါတယ်။

Photo Credit: Sky Sports

လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်း အတွက် ပရီးမီးယားလိဂ်မှာ ၈ပွဲ ပါဝင် ကစားထားရာမှာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဝက်စ်ဟမ်းအသင်းဟာ လင်ဂတ်ကို ရာသီကုန်မှာ အပြီးသတ် ခေါ်ယူချင်နေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း အသင်းအတွက် လိုအပ်နေတဲ့ နေရာတွေမှာ ကစားသမားသစ်တွေ ဖြည့်တင်းနိုင်ဖို့ အတွက် လင်ဂတ်ကို အသင်းကနေ ရောင်းချချင်နေပါတယ်။ လက်ရှိမှာတော့ လင်ဂတ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဝက်စ်ဟမ်းအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ကြားမှာ ချိတ်ဆက်မှုတွေ ရှိနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Sky Sports

ဝက်စ်ဟမ်းအသင်းရဲ့ တာဝန်ရှိသူတစ်ဦး ကတော့ အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Sky Sports သတင်းဌာနကို သူတို့အသင်းအနေနဲ့ လင်ဂတ်ကို ခေါ်ယူနိုင်ဖို့ အတွက် ဘာမဆို လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ တာဝန်ရှိသူက “ ကျွန်တော်တို့အသင်းဟာ လင်ဂတ်ကို ခေါ်ယူနိုင်ဖို့ အတွက် အစွမ်းကုန် တတ်စွမ်းသရွေ့ ကြိုးစားသွားမှာပါ။ သူက ကျွန်တော်တို့ အတွက် အရမ်းကို အရေးပါတဲ့ ကစားသမား တစ်ဦးပါ” လို့ ပြောကြားခဲ့တာပါ။ မန်ချက်စတာ ယူနိုက်တက် အသင်းဘက်က လင်ဂတ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းခန့် အလိုရှိနေပါတယ်။