MySport Myanmar

ချယ်လ်ဆီးကွင်းလယ်လူ ဂါလက်ချာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်နေတဲ့ ဝက်စ်ဟမ်း

မကြာသေးမီကမှ အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို မြို့ခံပြိုင်ဘက် အာဆင်နယ်ဆီ ရောင်းချထားတဲ့ ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ် ထွက်ခွာမှုကြောင့် အားနည်းသွားတဲ့ သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ချယ်လ်ဆီး ကွင်းလယ်လူ ဂါလက်ချာကို ခေါ်ယူရန် ကြိုးစားနေကြောင်း သိရပါတယ်။

ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ်ကို ရောင်းချပြီးနောက် အားနည်းသွားတဲ့ သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အရည်အသွေးမြင့် ကွင်းလယ်လူ ၂ဦး အထိ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ချယ်လ်ဆီးကွင်းလယ်လူ ဂါလက်ချာဟာ သူတို့အသင်းရဲ့ ပစ်မှတ်တွေထဲက တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Transfer Market

အသက် ၂၃နှစ် အရွယ် အင်္ဂလန် ကွင်းလယ်လူ ဂါလက်ချာက ချယ်လ်ဆီးရဲ့ နာမည်ကျော် ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး သူက ဗဟိုကွင်းလယ်မှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပေမယ့် လိုအပ်ရင် ကွင်းလယ်တိုက်စစ်နဲ့ ကွင်းလယ်ခံစစ် ကစားသမား အဖြစ်ပါ ကစားနိုင်စွမ်း ရှိသူပါ။

ဂါလက်ချာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးနဲ့အတူ ပွဲထွက်ခွင့် အတော်များများ ရရှိခဲ့ပေမယ့် ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက သူ့ရဲ့ ခြေစွမ်းကို သဘောမကျတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ သင့်တော်တဲ့ ကမ်းလှမ်းမှု ရောက်လာရင် ဂါလက်ချာကို ရောင်းထုတ်ဖို့ စဉ်းစားထားပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းက ဂါလက်ချာကို ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ဆွေးနွေးမှုတွေက အပေါင်းလက္ခဏာ ဆောင်နေတာကြောင့် မကြာခင်မှာပဲ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။

ချယ်လ်ဆီးကတော့ အကယ်ဒမီထွက် ကစားသမား ဖြစ်သူ ဂါလက်ချာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း ဝန်းကျင် လိုချင်နေပြီး ဝက်စ်ဟမ်းက ဂါလက်ချာကို ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

Exit mobile version