ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်သလို ယခုနှစ် ဘောလုံးရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရထားတဲ့ ဝက်စ်ဟမ်းက သူတို့အသင်းရဲ့ ကွင်းလယ်အတွက် အားဖြည့်မှု တရပ် အဖြစ် အသင်းရဲ့ ကစားသမားဟောင်း ဂျက်ဆီ လင်ဂတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် ဆွေးနွေးမှုတွေ လုပ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက အခိုင်အမာ ဖော်ပြလာပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန် ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်က ကွင်းလယ်တိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ ဘယ်ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက နော်တင်ဟမ် ဖောရက်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ ကစားသမား ဖြစ်နေသူပါ။

Photo Credit: Standard

ဂျက်ဆီ လင်ဂတ်က မန်ချက်စတာ ယူနိုက်တက် ၊ ဝက်စ်ဟမ်း စတဲ့ အသင်းတွေနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းကောင်း တချို့ ထုတ်ပြနိုင်ခဲ့ပေမယ့် နော်တင်ဟမ် ဖောရက်စ်ဆီ ရောက်ရှိချိန်မှာ ဒဏ်ရာပြဿနာတွေနဲ့သာ ရုန်းကန်ခဲ့ရတာကြောင့် ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေ နည်းပါးခဲ့ပါတယ်။

လက်ရှိမှာတော့ လင်ဂတ်က ဝက်စ်ဟမ်းရဲ့ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်း ဆင်းနေပြီး ဝက်စ်ဟမ်းရဲ့ တာဝန်ရှိသူတွေက လင်ဂတ်ရဲ့ လေ့ကျင့်ရေးကွင်း စွမ်းဆောင်ရည်တွေကို သဘောကျတာကြောင့် လင်ဂတ်ကို ကာလတိုစာချုပ်နဲ့ ခေါ်ယူဖို့ အတွက် တိုင်ပင်နေကြပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ Daily Mailသတင်းဌာနရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းရဲ့ တာဝန်ရှိသူတွေနဲ့ နည်းပြချုပ် ဒေးဗစ် မိုယက်စ်တို့က လင်ဂတ်ကို ၁နှစ် ကာလတိုစာချုပ်နဲ့ အသင်းဆီ ခေါ်ယူဖို့ တိုင်ပင် ဆွေးနွေးနေကြသလို ဝက်စ်ဟမ်းနဲ့ လင်ဂတ်တို့ ကြားထဲမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိနေပြီး ဝက်စ်ဟမ်းနည်းပြချုပ် မိုယက်စ်က လင်ဂတ်ကို ခေါ်ယူမယ် ၊ မခေါ်ယူဘူး ဆိုတာကို အဓိက ဆုံးဖြတ်ရမယ့်သူလို့ သိရပါတယ်။

လင်ဂတ်က မန်ချက်စတာ ယူနိုက်တက် ကနေ ဝက်စ်ဟမ်းဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ချိန်မှာ ဝက်စ်ဟမ်းအတွက် ၁၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်ခဲ့ပါတယ်။