ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းက မကြာသေးမီကပဲ ဆိုစီဒက်နဲ့ လမ်းခွဲထားတာကြောင့် အသင်းလက်မဲ့ ဖြစ်နေတဲ့ ဘယ်လ်ဂျီယံ တောင်ပံတိုက်စစ် ကစားသမား ယာနူဇက်ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် တောင်ပံတိုက်စစ် ကစားသမား ယာနူဇက်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး ယခု ဝက်စ်ဟမ်းနည်းပြ မိုယက်စ်နဲ့အတူ မန်ချက်စတာ ယူနိုက်တက်မှာ တွဲဖက်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ယာနူဇက်က မန်ချက်စတာ ယူနိုက်တက်ကနေ ဆိုစီဒက်ထံ ပြောင်းရွှေ့ကြေး ယူရို ၈.၅သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဆိုစီဒက်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် သူနဲ့ ဆိုစီဒက်ရဲ့ ဘုတ်အဖွဲ့တို့ ကြားထဲမှာ သဘောထား မတိုက်ဆိုင်မှုတွေ ရှိနေတာကြောင့် စာချုပ်သစ် မချုပ်ပဲ အသင်းကနေ ထွက်ခွာခဲ့သူပါ။

ယာနူဇက်ဟာ ခြေစွမ်းခြေစ ရှိသလို အတွေ့အကြုံရင့် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ ကစားသမားသစ် အများအပြားကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဝက်စ်ဟမ်းက သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး မကြာခင်မှာပဲ ဝက်စ်ဟမ်းနဲ့ ယာနူဇက်တို့ရဲ့ ကြားထဲမှာ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရရှိဖွယ် ရှိနေပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းက ယာနူဇက်နဲ့ ချိတ်ဆက်ကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ယာနူဇက်ကလည်း ဝက်စ်ဟမ်းထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားတာကြောင့် ဝက်စ်ဟမ်းရဲ့ တာဝန်ရှိသူတွေကသာ အပြောင်းအရွှေ့ ပြုလုပ်ဖို့ မီးစိမ်းပြလိုက်ရင် ယာနူဇက်ဟာ ဝက်စ်ဟမ်းရဲ့ ကစားသမားသစ် ဖြစ်လာတော့မယ်လို့ သိရပါတယ်။