ဝက်စ်ဟမ်းအသင်းဟာ ဘရိုက်တန်ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး အီဗန် ဖာဂူဆန်ကို အပြီးသတ် မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရက်စ်မတ် ဟွိုင်လန်းကိုသာ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ စဉ်းစားထားတယ်လို့ TEAMtalk ကနေ ဖော်ပြလာခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ နွေတုန်းက အသင်းအတွက် ကစားသမား အများအပြား ခေါ်ယူဖြည့်တင်းခဲ့ပြီး အဲ့ဒီထဲမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဖူးခရု ဆမ်းမားဗီးလ်နဲ့ ဂီဟာမီတို့ ပါဝင်ခဲ့ပေမယ့် ကစားသမား(၃)ဦးလုံး အသင်းမှာ ခြေစွမ်းပြနိုင်ခြင်း မရှိလို့ ဆောင်းဈေးကွက်မှာပဲ အီဗန် ဖာဂူဆန်ကို အငှားနဲ့ ခေါ်ယူခဲ့ရပါတယ်။
Photo Credit : Sky Sports
ဒါ့အပြင် အသင်းရဲ့ အားထားရတဲ့ တိုက်စစ်ကစားသမား အန်တိုနီယိုကလည်း ယာဉ်မတော်တဆမှုကြောင့် ခြေထောက်ကျိုးသွားတဲ့အတွက် ကာလရှည်ကြာ အနားယူနေရသလို လက်ရှိ အသင်းရဲ့ တိုက်စစ်ပိုင်းမှာဆိုရင်လည်း ဒဏ်ရာရ ကစားသမား အရေအတွက်က အတော်လေး များပြားနေရပါတယ်။
ဒီလို အခြေအနေတွေကြောင့်ပဲ ဝက်စ်ဟမ်းက ဆောင်းဈေးကွက်မှာ ဘရိုက်တန်အသင်းရဲ့ အိုင်ယာလန် တိုက်စစ်မှူးလေး အီဗန် ဖာဂူဆန်ကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့သလို အငှားသက်တမ်း ပြည့်သွားခဲ့ရင်လည်း အပြီးသတ် ခေါ်ယူသွားဖို့ပါ စီစဉ်ထားပါတယ်။ တကယ်လို့ ဖာဂူဆန်ကို အပြီးသတ် မခေါ်နိုင်ခဲ့ရင်တော့ ယူနိုက်တက် တိုက်စစ်မှူး ဟွိုင်လန်းကို ပစ်မှတ်ထားလာနိုင်ပါတယ်။
Photo Credit : Goal
အသက်(၂၂)နှစ်အရွယ် ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူး ဟွိုင်လန်းဟာ မနှစ်က ဘောလုံးရာသီကမှ အတ္တလန်တာကနေ ယူနိုက်တက်ဆီ ရောက်လာခဲ့ပြီး ယူနိုက်တက် အထောင်တိုက်စစ်နေရာမှာ အဓိက ကစားသမားတစ်ဦးအဖြစ် ကစားခွင့် ရရှိခဲ့ပေမယ့် လတ်တလောမှာတော့ ပြိုင်ပွဲစုံ (၁၃)ပွဲဆက်တိုက်ထိ ဂိုးပေါက်ပျောက်နေရပါတယ်။
ဒီရာသီထဲ ပွဲ(၃၀)ကစားထားပြီး (၇)ဂိုး သွင်းယူထားနိုင်တဲ့ ဟွိုင်လန်းရဲ့ ခြေစွမ်းတွေကို နည်းပြအမော်ရင်ကိုယ်တိုင် စိတ်ပျက်နေတာကြောင့် နွေမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူသွားဖို့ ရှိနေသလို ဟွိုင်လန်းကိုလည်း အသင်းကနေ ရောင်းထုတ်သွားဖို့ ရှိနိုင်တာကြောင့် ဒီအခြေအနေကို ဝက်စ်ဟမ်းဘက်က စောင့်ကြည့်လာနိုင်ပါတယ်။