ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်ကမှ ဝက်စ်ဟမ်းအသင်းဆီကို အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ သောမတ်စ်ဆူရှက်ခ်ဟာ အသင်းရဲ့ကွင်းလယ်ပိုင်းမှာ အကောင်းဆုံးကစားပြနိုင်ခဲ့ပြီး အသင်းကိုလည်း တန်းဆင်းရမယ့် အန္တရာယ်အတွင်းကနေ ကယ်တင်ပေးနိုင်ခဲ့တာကြောင့် ဝက်စ်ဟမ်းယူနိုက်တက်အသင်းကနေ သူ့ကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)ဝန်းကျင်ခန့်နဲ့ အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၅)နှစ်အရွှယ်ရှိ ချက်လက်ရွေးစင် ကွင်းလယ်ကစားသမား ဆူရှက်ခ်ဟာ ဆလာဗီးယားပရတ်အသင်းကနေ ဝက်စ်ဟမ်းကို အငှားစာချုပ်နဲ့ ဇန်နဝါရီလကမှ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၁၂)ပွဲ ကစားပေးခဲ့ကာ သွင်းဂိုး(၃)ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ကွင်းလယ်ခံစစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဆူရှက်ခ်ဟာ ကိုဗစ်အလွန် ဘောလုံးပွဲတွေ ပြန်လည်စတင်ချိန်မှာ ဝက်စ်ဟမ်းအတွက် ပွဲစဉ်(၈)ပွဲလုံးကို ပွဲချိန်ပြည့် ပါဝင်ကစားပေးခဲ့သလို သွင်းဂိုး(၃)ဂိုးလုံးကိုလည်း အဲ့ဒီ(၈)ပွဲအတွင်းမှာပဲ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Sky Sports

ဆူရှက်ခ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ပွဲတွေမှာလည်း ဝက်စ်ဟမ်းအသင်းက ရလဒ်ကောင်းခဲ့ပြီး ချယ်လ်ဆီးအသင်းနဲ့ လန်ဒန်ဒါဘီပွဲအတွင်း သူရဲ့အဖွင့်ဂိုးက အသင်းရဲ့နိုင်ပွဲအတွက် အရေးပါအရာရောက်ခဲ့သလို ဝက်ဖိုဒ့်အသင်းနဲ့ တန်းဆင်းဇုန်တိုက်ပွဲမှာလည်း သူက အသင်းအတွက် အဖိုးတန်သွင်းဂိုးတစ်ဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆူရှက်ခ်ဟာ ဝက်စ်ဟမ်းကို မရောက်ခင် ဆလားဗီးယားပရတ်အသင်းမှာ ကစားခဲ့စဉ်တုန်းကလည်း ဒီနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ဘာစီလိုနာ ဒေါ့မွန် အင်တာမီလန်အသင်းတွေနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ဆလားဗီးယားအသင်းဘက်ကနေ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ရသူလည်းဖြစ်ပါတယ်။ ဒီလိုခြေစွမ်းကောင်းမျိုးတွေ ပိုင်ဆိုင်ထားတဲ့ ဆူရှက်ခ်ကို ဝက်စ်ဟမ်းအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်(၁၉.၁၄)သန်း (၄)နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်နိုင်တာဖြစ်ပြီး ဆူရှက်ခ်ကိုယ်တိုင်ကလည်း ဝက်စ်ဟမ်းမှာ ဆက်လက်ရှိနေရတော့မယ့်အတွက် အလွန်ကို ဝမ်းမြောက်လို့နေပါတယ်။ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုရက်စ်ကတော့ ဆူရှက်ခ်အနေနဲ့ သူတို့အသင်းရဲ့ အမြဲတမ်းကစားသမားတစ်ယောက် ဖြစ်လာမယ်ဆိုတာကို သူကြိုတင်တွေးဆပြီးသားဖြစ်လို့ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိတ်မပူပင်ခဲ့ရပဲ အင်္ဂလန်မြေမှာ အလျင်အမြန် အထိုင်မကျဖြစ်မှာကိုသာ စိတ်ပူခဲ့ရတာဖြစ်ကြောင်းနဲ့ အခုတော့ သူဟာ ဝက်စ်ဟမ်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။