လန်ဒန်မြို့ အခြေစိုက် ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းက ဗီလာရီးရဲလ်ရဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်သူ ဒမ်ဂျူမာကို ခေါ်ယူဖို့ ဗီလာရီးရဲလ်နဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ပရီးမီးယားလိဂ် အတွေ့အကြုံရင့် နည်းပြတဦး ဖြစ်သူ ဒေးဗစ် မိုရက်စ် ဦးဆောင်နေတဲ့ ဝက်စ်ဟမ်းက ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်ပြီး မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုတွေသာ ပြုလုပ်နိုင်ခဲ့ရင် ဥရောပဝင်ခွင့်တွေကိုပါ ရယူနိုင်စွမ်း ရှိတဲ့ အသင်းကောင်း တသင်းပါ။

Photo Credit: Mirror

ဝက်စ်ဟမ်းက သူတို့အသင်းရဲ့ လူအင်အားကို ထပ်မံ အင်အားဖြည့်တင်းနိုင်ဖို့ ယခု နွေဈေးကွက် အတွင်းမှာ ထိပ်တန်း တောင်ပံကစားသမား တဦးကို ခေါ်ယူဖို့ စီစဉ်ထားပြီး ဗီလာရီးရဲလ်နဲ့အတူ တောက်ပနေတဲ့ တောင်ပံတိုက်စစ် ကစားသမား ဒမ်ဂျူမာဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဒမ်ဂျူမာက တိုးအား ၊ ရုန်းအား ကောင်းမွန်သလို သွင်းဂိုးတွေပါ သွင်းယူနိုင်စွမ်း ရှိတဲ့ ထိပ်တန်း ကစားသမား တဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဗီလာရီးရဲလ်အတွက် ပြိုင်ပွဲစုံ ၃၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၆ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က ဒမ်ဂျူမာကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပြီး ဝက်စ်ဟမ်းကတော့ အဆိုပါ အင်အားကြီး အသင်းတွေကို လက်ဦးမှု ရယူကာ ဒမ်ဂျူမာကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေကာ ဗီလာရီးရဲလ်နဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပါပြီ။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းက ဒမ်ဂျူမာ အတွက် ဗီလာရီးရဲလ်ထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၃၆သန်း + အပိုဆုကြေးတွေ ပါဝင်တဲ့ ကမ်းလှမ်းမှု တခု ပြုလုပ်ထားပြီး ဗီလာရီးရဲလ်ကလည်း ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေကာ ဒမ်ဂျူမာကတော့ ဝက်စ်ဟမ်းထံ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။