လန်ဒန်မြို့ အခြေစိုက် အသင်းတစ်သင်း ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်း ကတော့ ချန်ပီယံရှစ် ကလပ် ဘရန့်ဖို့ဒ်အသင်းရဲ့ အယ်လ်ဂျီးရီးယား တောင်ပံ ကစားသမား ဘန်ရာမာကို ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ် ဘောလုံးရာသီရဲ့ နွေအပြောင်းအရွှေ့ဟာ ပိတ်သိမ်းသွားပြီ ဖြစ်ပေမယ့် အင်္ဂလန် ပြည်တွင်းမှာတော့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ ပရီးမီးယားလိဂ်ထက် နိမ့်ကျတဲ့ လိဂ်တွေက ကစားသမားတွေကို အောက်တိုဘာလ ၁၆ရက်နေ့အထိ ခေါ်ယူခွင့် ရှိသေးတာကြောင့် ဝက်စ်ဟမ်းအသင်း ဟာ ဘရန့်ဖို့ဒ်အသင်းရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြ ကစားထားနိုင်တဲ့ ဘန်ရာမာကို ခေါ်ယူဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

အသက် ၂၅နှစ်အရွယ် အယ်လ်ဂျီးရီးယား တောင်ပံ ကစားသမား ဘန်ရာမာဟာ ဘရန့်ဖို့ဒ်အသင်းထံ ၂၀၁၈ခုနှစ်မှာ ပြောင်းရွှေ့ကြေး ယူရို ၁.၇သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ဘရန့်ဖို့ဒ်အသင်းထံ ရောက်ရှိအပြီးမှာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာသူပါ။ ဘန်ရာမာဟာ ဘရန့်ဖို့ဒ်အသင်းအတွက် ၃နှစ်တာ ကာလ အတွင်းမှာ စုစုပေါင်း ၉၄ပွဲအထိ ကစားပေးခဲ့ပြီး သွင်းဂိုး ၃၀ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂၇ကြိမ်ကိုလည်း ပြုလုပ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ပရီးမီးယားလိဂ် အသင်းတွေဟာ ဘန်ရာမာကို ခေါ်ယူဖို့ စောင့်ကြည့်ခဲ့ကြတာ ဖြစ်ပြီး လက်ရှိမှာတော့ ဝက်စ်ဟမ်းအသင်းဟာ တခြားအသင်းတွေထက် လက်ဦးမှု ရယူကာ ဘန်ရာမာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

Photo Credit: Daily Mail

အင်္ဂလန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ အဆိုအရတော့ ဝက်စ်ဟမ်းအသင်းဟာ ဘန်ရာမာကို ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားတာကြောင့် မကြာခင်မှာပဲ အပြောင်းအရွှေ့ဟာ တရားဝင် ဖြစ်ပေါ်လာတော့မယ် လို့ သိရပါတယ်။ ဘရန့်ဖို့ဒ်အသင်းဟာ ဘန်ရာမာကို ခေါ်ယူခဲ့စဉ်မှာ ပြောင်းရွှေ့ကြေး ပေါင် ၁သန်းကျော်သာ သုံးစွဲခဲ့ရတာကြောင့် ဘန်ရာမာကို ပြန်လည် ရောင်းချဖြစ်ခဲ့ပါက ပေါင် ၂၉သန်းနီးပါး အမြတ်ငွေ ရရှိမှာပဲ ဖြစ်ပါတယ်။ ဆက်စပ် သတင်းတွေ အရတော့ ဘရန့်ဖို့ဒ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ လူငယ် နောက်ခံလူ ဆာလီဘာကို တစ်ရာသီအငှားနဲ့ ခေါ်ယူနိုင်တော့မယ် လို့ သိရပါတယ်။