MySport Myanmar

ဆကာမာကာနဲ့ ကော့စတစ်တို့ကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းနေတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ အေးဂျင့်တစ်ဦးတည်းအောက်မှာ ရှိနေကြတဲ့ ဆာဆူအိုလို တိုက်စစ်ကစားသမား ဂျန်လူကာဆကာမာကာနဲ့ ဖရန့်ဖတ်အသင်းရဲ့ တောင်ပံကစားသမား ဖီးလစ်ကော့စတစ်တို့ကို အသင်းဆီ ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းလုပ်ဆောင်လျက် ရှိနေပြီး သဘောတူညီမှု ရရှိဖို့အတွက် စောင့်ဆိုင်းနေတယ်လို့ အပြောင်းအရွှေ့သတင်းဆိုင်ရာ စပယ်ရှယ်လစ် ဖာဘရီဇီယိုရိုမာနိုက သူရဲ့ တွစ်တာစာမျက်နှာပေါ်မှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Epl Socials

ဝက်ဟမ်းစ်အသင်းဟာ လာမယ့်ရာသီမှာ အသင်းကို တိုက်စစ်ပိုင်းမှာ အင်အားမြင့်တင်သွားဖို့အတွက် ဆကာမာကာ ဘရိုဟာနဲ့ ကော့စတစ်တို့လို အရည်အသွေးမြင့် တိုက်စစ်ကစားသမားတွေကို ခေါ်ယူချင်နေကြတာဖြစ်ပြီး လက်ရှိမှာတော့ အေးဂျင့် တူညီနေကြတဲ့ ဆကာမာကာနဲ့ ကော့စတစ်တို့ နှစ်ဦးအတွက် ဝက်စ်ဟမ်းဘက်ကနေ ကမ်းလှမ်းမှုတွေပါ ပြုလုပ်ထားခဲ့ပြီဖြစ်ပြီး ဆွေးနွေးမှုတွေလည်း ဆက်လက် လုပ်ဆောင်လျက် ရှိနေသလို အပြောင်းအရွှေ့တွေအတွက် သဘောတူညီမှုတွေ ရရှိနိုင်ဖို့အတွက်ကိုလည်း စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

Photo Credit : Bdtype Rss

အထောင်တိုက်စစ်နေရာမှာ အန်တိုနီယို တစ်ဦးတည်းသာ ရှိနေရတဲ့ ဝက်စ်ဟမ်းအသင်းက ညာတောင်ပံကစားသမား ဘိုဝင်ကိုပါ CF နေရာမှာ အသုံးပြုနိုင်တယ် ဆိုပေမယ့်လည်း တကယ့် center-forward စစ်စစ် တစ်ဦးကို အလိုရှိနေတဲ့အတွက် ဆာဆူအိုလိုရဲ့ အီတလီလက်ရွေးစင် တိုက်စစ်ကစားသမား ဆကာမာကာကို ပီအက်စ်ဂျီအသင်းနဲ့အပြိုင် ကမ်းလှမ်းနေတာဖြစ်ပြီး လက်ရှိမှာ ပီအက်စ်ဂျီဘက်က Reims တိုက်စစ်ကစားသမား အက်ကီတိုက်ခ်ကို ခေါ်ယူလိုက်နိုင်ပြီဖြစ်လို့ ဝက်စ်ဟမ်း တစ်သင်းတည်းကသာ ဆကာမာကာကို ကြိုပမ်းနေရတာ ဖြစ်သလို ယူရိုသန်း(၄၀)နဲ့ သဘောတူညီမှု ရရှိလုနီးပါး ဖြစ်နေရတယ်လို့ အီတလီ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။ ဝက်စ်ဟမ်းအနေနဲ့ ဆကာမာကာနဲ့ အေးဂျင့်ချင်း အတူတူဖြစ်တဲ့ ကိုလံဘီယာ တောင်ပံတိုက်စစ်ကစားသမား ကော့စတစ်ကိုပါ ထပ်မံ ခေါ်ယူနိုင်ဖို့အထိ ကြိုးပမ်းလျက် ရှိနေပြီး ပေါင်(၁၅)သန်းဝန်းကျင်လောက်နဲ့ပါ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဖရန့်ဖတ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖလားကိုပါ ရယူနိုင်ခဲ့တဲ့ ကော့စတစ်ဟာ ပရီးမီးယားလိဂ်မှာ လာရောက်ကစားဖို့ ဆန္ဒရှိနေသူဖြစ်လို့ ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားချင်နေပါတယ်။ ဝက်စ်ဟမ်းက ဆကာမာကာနဲ့ ကော့စတစ်တို့ကို ခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေပေမယ့် ဘရိုဟာကို ကမ်းလှမ်းထားမှုကတော့ ချယ်လ်ဆီးဘက်က ပယ်ချခဲ့တဲ့အတွက် လက်လျှော့သွားရဖွယ် ရှိနေပါတယ်။

Exit mobile version