ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းက ယမန်နှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ တန်းဆင်းသွားရတဲ့ ဘန်လေရဲ့ အဓိက တောင်ပံကစားသမား ကော်နက်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံကစားသမား ကော်နက်က ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ လိုင်ယွန်ကနေ ဘန်လေထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဘန်လေထံ ရောက်ရှိချိန်မှာပဲ အသင်းရဲ့ အဓိက တောင်ပံကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဘန်လေအတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Daily Mail

ဘန်လေလို တိုက်စစ်ပိုင်း အားနည်းတဲ့ အသင်းမှာ တရာသီထဲ သွင်းဂိုး ၉ဂိုး အထိ သွင်းယူနိုင်ခဲ့တဲ့ ကော်နက်ရဲ့ ခြေစွမ်းပိုင်းက ချီးကျူးချင်စရာ ကောင်းပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ တိုက်စစ်ပိုင်းကို အင်အားတိုးချဲ့ချင်နေတဲ့ ဝက်စ်ဟမ်းဟာ သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းက ကော်နက်ကို ခေါ်ယူနိုင်ဖို့ ယခု ရက်သတ္တပတ် အတွင်းမှာ ဘန်လေနဲ့ရော ၊ ကော်နက်ရဲ့ အေးဂျင့်တွေနဲ့ ဆက်သွယ်မှု များစွာ ပြုလုပ်ခဲ့ပြီး ယနေ့ညမှာတော့ ဝက်စ်ဟမ်းက ကော်နက်ကို ခေါ်ယူဖို့ ကစားသမားနဲ့ရော ၊ ဘန်လေနဲ့ပါ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းက ကော်နက်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၈သန်းနဲ့ ခေါ်ယူဖို့ ဘန်လေနဲ့ သဘောတူညီမှု ရရှိခဲ့သလို ကော်နက်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုလည်း ရရှိထားကာ ကော်နက်ဟာ မနက်ဖြန်မှာပဲ ဝက်စ်ဟမ်းနဲ့ ဆေးစစ်မှုတွေ ပြုလုပ်တော့မယ်လို့ သိရပါတယ်။