ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သူ ဝက်စ်ဘရောင်းက လတ်တလောမှာ အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခံရဖို့ သတင်းကြီးနေတဲ့ ဟယ်ရီ မက်ဂွိုင်းယားကို မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် အဖြစ်သာ ဆက်လက် မြင်တွေ့လိုကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားက လက်စတာ စီးတီးကနေ မန်ချက်စတာ ယူနိုက်တက်ထံ နောက်ခံလူ တဦး အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ပြောင်းရွှေ့ကြေး ယူရို ၈၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းအတွက် ၃နှစ်တာ ကာလအတွင်းမှာ ပွဲပေါင်း ၁၄၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅ကြိမ်ပါ ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Standard

မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက်ဆီ စတင် ရောက်ရှိတဲ့ ဘောလုံးရာသီမှာပဲ အသင်းရဲ့ မရှိမဖြစ် ခံစစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့်ပဲ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှ စတင်ကာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခွင့် ရခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ မက်ဂွိုင်းယားရဲ့ ခြေစွမ်းတွေက အတော်လေးကို ကျဆင်းခဲ့သလို အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်းလည်း နည်းပါးခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ် အများစုက မက်ဂွိုင်းယားကို အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားဖို့ ဆန္ဒရှိနေကြပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သူ ဝက်စ်ဘရောင်းကတော့ မက်ဂွိုင်းယားဟာ အတွေ့အကြုံရင့် နောက်ခံလူ တဦး ဖြစ်တာကြောင့် သူ့ကိုပဲ အသင်းခေါင်းဆောင် အဖြစ် ဆက်လက် ထားရှိသင့်ကြောင်း ဆိုလာပါတယ်။

Photo Credit: Standard

ဝက်စ်ဘရောင်းက – “ကျွန်တော် ဒီကိစ္စနဲ့ ပတ်သတ်ပြီး အကြိမ်ရေ အများကြီး ပြောခဲ့ပြီးပါပြီ။ ကျွန်တော်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မက်ဂွိုင်းယား တယောက် အမှားတွေ လုပ်မိခဲ့တဲ့ ပွဲတွေကို ကြည့်ခဲ့ရပါတယ်။ သူ့ရဲ့ နေရာယူလွဲမှု တချို့က ပြိုင်ဘက်တွေ အတွက် ဂိုးသွင်းခွင့်တွေ ဖြစ်ခဲ့ရတာကိုလည်း သိရပါတယ်။ မက်ဂွိုင်းယားကလည်း သူ့ရဲ့ အမှားတွေကို သိမယ်လို့ ထင်ပါတယ်။ ပြီးတော့ သူက အနည်းငယ် စိတ်ဓာတ် ကျနေပါလိမ့်မယ်။ ပြီးတော့ သူက အသင်းခေါင်းဆောင်လည်း ဖြစ်တာကြောင့် ရလဒ်ဆိုးတွေကနေ အသင်းကို ဆွဲတင်ရမယ့် တာဝန်လည်း ရှိခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် အခု ပြောချင်တာက မက်ဂွိုင်းယားဟာ အသင်းခေါင်းဆောင် ရာထူးနဲ့ ကိုက်ညီတဲ့ ကစားသမား တယောက် ဆိုတာပါပဲ။ မက်ဂွိုင်းယားမှာ တိုးတက်သင့်တဲ့ နေရာတွေ ရှိနေပေမယ့် သူက အသက်ကြီးတယ်။ ပြီးတော့ ဉာဏ်ကောင်းတယ်။ အတွေ့အကြုံလည်း များပါတယ်။ ဒါကြောင့် သူက ဒီရာသီမှာ သူ ဘာလုပ်နိုင်လဲ ဆိုတာကို အကောင်းဆုံး သက်သေပြပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီရာသီမှာလည်း မက်ဂွိုင်းယားက အသင်းခေါင်းဆောင် အဖြစ် ဆက်ရှိနေမယ်လို့ ထင်ပါတယ်” ဆိုပြီး အကြံပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။